အရာတော်တွင် စစ်ကောင်စီ အများအပြားသေဆုံးစေသည့်အပြင် သံချပ်ကာကားပျက်စီးသည်အထိ တိုက်ခိုက်ခံရ၍ တန်ပြန်စစ်ကြောင်းထိုးနေ

Author လင်းနွေဦး
Categories
Published on Mar 06, 2024

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ မုံရွာ-အရာတော်လမ်းပိုင်းတစ်နေရာ၌ စစ်ကောင်စီသံချပ်ကားနှစ်စီးတွင် တစ်စီးအလုံးစုံနီးပါးပျက်စီးသည့်အပြင် စစ်သားများသေဆုံးစေသည်အထိ တိုက်ခိုက်ခံရပြီးနောက် စစ်ကြောင်းပြန်ထိုးနေကြောင်း တော်လှန်ရေးရဲဘော်များထံမှ သိရသည်။

 

မတ်လ ၄ ရက် နံနက် ၅ နာရီကျော်တွင် မုံရွာ-အရာတော်လမ်းမပေါ်ရှိ ထူးရာရသေ့ကျောင်းမှ အရာတော် စ.ခ.တ (၁၀)တပ်သို့သွားရောက်သည့် စစ်ကောင်စီတပ်သားများလိုက်ပါလာသော သံချပ်ပြားကာ ကားနှစ်စီးကို လက်နက်ငယ် ၃၀ လက်၊ လက်နက်ကြီး ၁ လက်၊ ပဒေသာမိုင်း ပွိုင့်(၃)နေရာ မိုင်း ၁၅ လုံးဖြင့် ကိုက်(၅၀)ခန့် အကွာအဝေးမှ အနီးကပ်တိုက်ခိုက်မှုအတွင်း ကားတစ်စီးထိခိုက်ပျက်စီးကာ ကားပေါ်ပါ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများရှိနိုင်ကြောင်း စစ်ဆင်ရေးအတွင်းပါဝင်ခဲ့သည့် Danger Force LPDF မှ တာဝန်ရှိ ရဲဘော်တစ်ဦးက CJ Platform သို့ ပြောသည်။

 

“ထိခိုက်သေဆုံးမှုရှိ ပါတယ်ဗျ။ အတိအကျတော့ စုံစမ်းလို့မရသေးဘူး။ မှတ်တမ်းပုံတွေကနေ ကားမှာ ကျည်ပေါက်ရာ အများကြီးတွေ့နိုင်ပါတယ်။ စုံစမ်းလို့ မရသေးတာကလည်း ဒီကောင်တွေ စစ်ကြောင်းပြန်ထိုးနေလို့ ကျွန်တော်တို့ အလုပ်များပြီး မစုံစမ်းနိုင်သေးတာပါ” ဟု ၎င်းက ပြောသည်။

 

ထိုတိုက်ခိုက်ခံရမှုအတွင်း ကားပေါ်ပါ စစ်ကောင်စီတပ်သားများဘက် လက်နက်ကြီး/ငယ်များဖြင့် ရမ်းသမ်းပြစ်ခတ်မှုများအပြင် အရပ်သားသုံးကားသုံးစီးကို ဓားစာခံအနေဖြင့်ခေါ်ဆောင်သွားကြောင်း၊ (၅၀ဝ၄) တင့်ကားတပ်မှ တင့်ကားတစ်စီးဖြင့် ပျက်စီးသွားသော သံချပ်ပြားကာ စစ်ကားကို လာရောက်ဆွဲယူ၍ စ.ခ.တ (၁၀) တပ်တွင်းသို့ ဝင်ရောက်သွားသည်ဟု Danger Force ဒေသကာကွယ်ရေးတပ်ဖွဲ့(LPDF)ရဲဘော်က ထပ်မံပြောကြားသည်။

 

စစ်ကောင်စီဘက်ကအထိနာသဖြင့် တိုက်ခိုက်ခံရမှုအပြီး နောက်တစ်နေ့ မတ်လ ၅ ရက်နေ့တွင် အင်အား (၅၀) ဝန်းကျင်ဖြင့် စစ်ကြောင်းပုံစံ ဖွဲ့စည်းကာ အရာတော်မြို့မှ မုံရွာဘက်သို့ စစ်ကြောင်းထိုးစစ်ဆင်မှု ပြုလုပ်နေကြောင်း စစ်ဆင်ရေးအတွင်း ပါဝင်တိုက်ခိုက်ခဲ့သူက ပြောသည်။

 

မတ်လ ၄ ရက်နေ့ စစ်ဆင်ရေးကို Danger Force LPDF၊ Ayadaw Rocket LPDF၊ မုံရွာခရိုင် တပ်ရင်း (၂၁)၊ (၂၄)၊ (၂၇)၊ ကျားသစ်နက်တပ်ဖွဲ့နှင့် အရာတော် ပကဖ တိုက်နယ် ၁၁ တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။