ကြောက်၍ ပုန်းနေသည့် ရာဘာခြံလုပ်သားတစ်ဦးကို စစ်ကောင်စီတပ်များဓားနဲ့ထိုးပြီး အလောင်း စွန့်ပစ်ခဲ့

Author မောင်ဒဂုံ
Categories
Published on Sep 22, 2022

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၌ ယမန်နေ့က စစ်ကောင်စီ တပ်များ ရွာသို့ ရောက်လာသဖြင့် ဘုန်းကြီးကျောင်း၌ ပုန်းအောင်းနေသည့် ရာဘာခြံ အလုပ်သမားတစ်ဦးကို စစ်ကောင်စီတပ်များက ဓားဖြင့် ထိုးသတ်ပြီး အလောင်းကို စွန့်ပစ်ထားခဲ့ကြောင်း ဗမာ့လူ့အခွင့်အရေးကွန်ယက်၏ ဖော်ပြထားမှုအရ သိရသည်။

ယမန်နေ့ နံနက်ပိုင်းတွင် ရေဖြူမြို့နယ်၊ ကလုံးထာကျေးရွာသို့ စစ်ကောင်စီတပ်များ အင်အား ၁၀၀ ဝန်းကျင်ခန့်ဖြင့် တပ်ဆွဲရောက် ရှိလာခဲ့သည်။

စစ်ကောင်စီ တပ်များရောက်လာသဖြင့် ကျေးရွာနေ ဒေသခံ အများအပြား ဘေးလွတ်ရာ တောတောင်ထဲ၊ ဘုန်းကြီးကျောင်းများထဲ တိမ်းရှောင် ပုန်းအောင်းခဲ့ရကြောင်း သိရသည်။

ထိုသို့ ပုန်းအောင်ရာတွင် အသက် ၅၀နှစ်အရွယ် ရာဘာခြံ လုပ်သား ဦးမောင်မောင်သည်လည်း အခြားသော အလုပ်သမား ၃ဦးနှင့်အတူ ဘုန်းကြီးကျောင်း တစ်ခု၌ စစ်ကောင်စီတပ်များကို ကြောက်၍ ပုန်းအောင်းနေခဲ့သည်။

ပုန်းအောင်နေသည့် ဦးမောင်မောင်တို့ သုံးဦးကို စစ်ကောင်စီတပ်များက ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ဖမ်းခေါ်သွားခဲ့ကြောင်း သိရသည်။

ထို့နောက် ယမန်နေ့ မွန်းလွဲပိုင်းတွင် ၄င်း၏ ရုပ်အလောင်းကို ရာဘာခြံတစ်ခု၌ စွန့်ပစ်ထားသည်ကို ဒေသခံများ တွေ့ရှိခဲ့ပြီး ရုပ်အလောင်း၌ ဓားဖြင့်ထိုးခံထားရသည့် ဒဏ်ရာများ တွေ့ကြောင်း သိရသည်။

စစ်ကောင်စီ တပ်များသည် စက်တင်ဘာ ၂၀ရက်ကလည်း ကလုံးထာကျေးရွာသို့ ဝင်ရောက်လာခဲ့သေးပြီး လက်ရှိတွင်လည်း တပ်ဆွဲနေထိုင်နေစဲဖြစ်ရာ ဒေသခံများ နေရပ်မပြန်ရဲဘဲ ရှိနေကြောင်း သိရသည်။