သုံးခွမြို့နှင့် ခရမ်းမြို့ထိစပ်နယ်မြေရှိ ကတုံးပေါ်ကျေးရွာ ရဲစခန်းတွင် ဗုံးပေါက် ထိခိုက်ဒဏ်ရာရရှိသူများရှိ

Author အောင်နိူင်သူ
Categories
Published on Sep 22, 2022

သုံးခွမြို့နှင့် ခရမ်းမြို့ထိစပ်နယ်မြေရှိ ကတုံးပေါ်ကျေးရွာ ရဲစခန်းတွင် ယနေ့နေ့လည် ၁ နာရီကျော်က ဗုံးပေါက်ကွဲမှု့ဖြစ်ခဲ့ရာ ထိခိုက်ဒဏ်ရာရရှိသူများရှိသည်ဟု မြို့ခံများထံမှ သိရသည်။

ကတုံးပေါ်ကျေးရွာ ရဲစခန်းကို ယနေ့ နေ့လည်ပိုင်းက အမည်မသိဆိုင်ကယ်စီးလာသူတစ်ဦးက လက်ဗစ်ဗုံးဖြင့်ပစ်ခဲ့ရာ ရဲစခန်းအတွင်းကျရောက်၍ ပေါက်ကွဲခဲ့တာဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ဒဏ်ရာရတဲ့သူတွေရှိတယ် လူနာတင်ကားတွေရောက်လာတယ် သေမသေတော့မသိဘူး အခုစစ်ကားတွေရောရဲကားတွေပါ ရောက်လာတယ်”ဟု ရှင်းပြသည်။

လက်ရှိအခြေအနေတွင် စစ်ကောင်စီတပ်နှင့် ရဲများက သုံးခွမြို့နယ်နှင့်ခရမ်းမြို့နယ် လမ်းဆုံမှာ ဆိုင်ကယ်တွေကိုစစ်ဆေးမှုတွေပြုလုပ်နေသည်ဟု ဒေသခံတွေဆီကသိရသည်။

ရန်ကုန်တိုင်းရှိ မြို့နယ်အချို့တွင် စက်တင်ဘာ ၁ ရက်မှ ၂၂ ရက်အထိ ဗုံးပေါက်ကွဲမှုနှင့်ပစ်ခတ်မှု အကြိမ် ၃၀ ဖြစ်ခဲ့ပြီး ခုနှစ်ဦးသေဆုံးကာ ဆယ်ဦးဒဏ်ရာရရှိခဲ့သည့် ဖြစ်စဥ်လည်းရှိသည်။