စစ်ကောင်စီ တပ်သားများသာရှိသည့် မင်္ဂလာဒုံစစ်ဆေးရုံ လုံခြုံရေးဂိတ် Droneဖြင့် အတိုက်ခံရ

Author လဂွန်းအိမ်
Categories
Published on Feb 26, 2024

ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်ရှိ အမှတ်(၁)ကုတင် (၁၀၀၀) စစ်ဆေးရုံ လုံခြုံရေးဂိတ်ကို ယနေ့ ဖေဖေါ်ဝါရီ ၂၆ရက်နေ့  နံနက်ပိုင်းတွင် Drone ဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း Dark Shadow UG အဖွဲ့ထံမှ သိရသည်။

 

ဗုံးသီး နှစ်လုံးချခဲ့ခြင်းဖြစ်သော်လည်း တစ်လုံးသာပေါက်ကွဲခဲ့ကာ ထိခိုက်မှုအခြေအနေ မသိရှိရသေးကြောင်း Dark Shadow UG အဖွဲ့မှဆိုသည်။

 

“ဂိတ်နေရာကို Drone နဲ့ ဗုံးနှစ်လုံးချ တိုက်ခိုက်ခဲ့တာပါ။ ထိခိုက်မူတွေကို မသိရသေးပါဘူး။ ပြန်လည် ပစ်ခတ်တာမျိုးတော့ မရှိဘူး”ဟု Dark Shadow အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက CJ Platform ကိုပြောသည်။

 

ယင်းစစ်ဆေးရုံတွင် ရှေ့တန်းပြန် ဒဏ်ရာရစစ်သားများ လက်ရှိအချိန်ထိ ဆေးကုသမူခံယူနေသည်ဟု သိရှိရပြီး ပြည်သူများကို ဒုက္ခပေးနေသည့် စစ်ကောင်စီတပ်သားများကို သတိပေးသည့် အနေဖြင့်သာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့‌ကြောင်း Dark Shadow တပ်ဖွဲ့မှ ဆိုသည်။

 

” ဒီမနက် အသံတော့ကြားလိုက်တယ် ဘာဖြစ်တာတော့ မသိလိုက်ဘူး၊ ကားမောင်းနေရင်း ကြားလိုက်တာပဲ၊ ထိခိုက်မှုတော့ ရှိမယ်ထင်တာပဲ သူတို့ထဲဖြစ်တာဆိုတော့ သွားမကြည့်ရဲဘူး” ဟု မင်္ဂလာဒုံမြို့နယ် အနီး Taxi ယာဉ်မောင်းတစ်ဦးမှ CJ Platform သို့ ပြောသည်။

 

Dark Shadow အဖွဲ့အနေဖြင့် စစ်ကောင်စီပစ်မှတ်များကို ဆက်လက် တိုက်ခိုက်ချေမှုန်းသွားမည် ဖြစ်သည့်အတွက် ပြည်သူများအ‌နေဖြင့်လည်း စစ်ကောင်စီနှင့် ပတ်သက်သည့် နေရာများကို ရှောင်ကျဉ်ရန် တိုက်တွန်းထားသည်။

 

”ပြည်သူတွေကို အဓိကပြောချင်တာတော့ အားတင်းထားကြပါ ကျွန်တော်တို့လဲ အားကုန်သုံးပြီး ကြိုးစားနေပါတယ် ပြည်သူတွေအနေနဲ့ တတ်နိုင်သလောက် ပူးပေါင်းပါဝင်ပေးကြပါ”ဟု Dark Shadow အဖွဲ့ဝင် ရဲဘော်တစ်ဦးမှလည်း CJ Platform သို့ ပြောသည်။

 

Dark Shadow အဖွဲ့အနေဖြင့် စစ်ကောင်စီ၏ စစ်ရေးပစ်မှတ်များကို တိုက်ခိုက်လျက်ရှိရာ ဖေဖော်ဝါရီ ၈ ရက်နေ့တွင် အင်းစိန် အကျဉ်းထောင်နှင့် အင်းစိန်မီးသတ်စခန်းအနီးတွင် ရှိနေသည့် စျေးကုန်းအနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို တိုက်ခိုက်ခဲ့သေးပြီး ဖေဖော်ဝါရီ ၂၁ နေ့တွင် လှိုင်သာယာအရှေ့ပိုင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စုစည်းရာစားသောက်ဆိုင်ကိုလည်းကောင်း ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် လှိုင်သာယာအနောက်ပိုင်း ရဲတပ်ရင်း (၉) ကို လည်းကောင်း အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခဲ့သေးသည်။

 

Dark Shadow အဖွဲ့ တိုက်ခိုက်ခဲ့သည့် အမှတ်(၁)ကုတင် (၁၀၀၀) ကုသရေးစင်တာမှာ ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် ဖွင့်လှစ်ခဲ့သည့် ဆေးရုံဖြစ်ပြီး အာဏာသိမ်းခေါင်းဆောင်၏ သားဖြစ်သူ ကုမ္ပဏီကို ဆောက်လုပ်ခွင့်ပေးခဲ့ကာ အာဏာသိမ်းခေါင်းဆောင်ကိုယ်တိုင် ဖွင့်လှစ်ခဲ့သည့်ဆေးရုံဖြစ်သည်။

 

ဓာတ်ပုံ – Google

 

ပုံစာညွှန်း – ဗုံးသီးချတိုက်ခိုက်ခံခဲ့ရသည့် စစ်ကောင်စီတပ်သားများ ဆေးကုသနေသော ဆေးရုံအား မြင်ရပုံ