ရေးမြို့နယ်တွင် နယ်ထိန်းရဲတပ်ကြပ်တစ်ဦး ၁၆ချက်ပစ်ခံရပြီးသေ

Author အောင်နိူင်သူ
Categories
Published on Sep 21, 2022

မွန်ပြည်နယ် ရေးမြိုနယ် မော့ကနင်ကျေးရွာတွင် ယနေ့ နေ့လည်ပိုင်းက နယ်ထိန်းရဲတပ်ကြပ်တစ်ဦး သေနတ်ဖြင့် ၁၆ချက်ပစ်ခံရပြီး သေဆုံးသွားသည်ဟု မြို့ခံတွေဆီက သိရသည်။

ရေးမြို့နယ် မော့ကနင်ကျေးရွာရှိ ကားပြင်ဆိုင်တစ်ခုတွင် နယ်ထိန်းရဲတပ်ကြပ်တစ်ဦးကို ယနေ့ နေ့လည် သုံးနာရီဝန်းကျင်က အမည်မသိအမျိုးသားများမှ လာရောက်ပစ်ခတ်ခဲ့တာဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“အဲ့ဒီနယ်ထိန်းက နာမည်ကြီး ပိုက်ဆံယူတဲ့နေရာမှာရော ဖမ်းမိတဲ့သူတွေ နှိပ်စက်တဲ့နေရာမှာရော အခုအပစ်ခံရတာ၊ ကောင်လေးတစ်ယောက်ကို အပြစ်မဲ့ပစ်သတ်ခဲ့တဲ့ကိစွလည်းရှိတယ်”ဟု ရှင်းပြသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသူမှာ လမိုင်းမြို့ မြိုမ ၁၊ ၂၊ ၃နယ်မြေပိုင်နယ်ထိန်းရဲတပ်ကြပ်အောင်ကျော်မင်း ဆိုသူဖြစ်သည်ဟု ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

ပစ်ခတ်မှု့ဖြစ်ပြီးနောက် မော့ကနင်ကျေးရွာနှင့် လမိုင်းမြို့တွင် စစ်ကောင်စီတပ်တွေက ကျေးရွာနေသူတွေနှင့် ဆိုင်ကယ်၊ကားတွေကို စစ်ဆေးမှုတွေပြုလုပ်ခဲ့သည်ဟု မြို့ခံတွေထံမှ သိရသည်။

အဆိုပါပစ်ခတ်မှုနှင့်ပတ်သက်ပြီး ရေးဘီလူးအဖွဲ့က အပြစ်မဲ့ပြည်သူတွေကို အနိုင်ကျင့်ညှင်းပန်းနှိပ်စက်မှု့ အတွက်သုတ်သင်ခဲ့တာဖြစ်သည်ဟု လူမှုကွန်ရက်စာမျက်တွင် ဖော်ပြထားသည်။

ရေးမြို့နယ်နှင့် လမိုင်းမြို့တွင် စစ်ကောင်စီလက်အောက်ခံရဲများနှင့်အုပ်ချုပ်ရေးများကြောင့် အပြစ်မဲ့ပြည်သူများ ဖမ်းဆီးခံရပြီး နေအိမ်ချိတ်ပိတ်ခံရသည့် ဖြစ်စဉ်များလည်း ရှိသည်။