စစ်တွေက စစ်ကောင်စီ မိသားစုဝင်များ ပြောင်းရွှေ့ပြီးနောက် မြို့ခံများလည်း လိုက်ပါ စွန့်ခွာ

Author လဂွန်းအိမ်
Categories
Published on Feb 16, 2024

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီလက်အောက်ခံရုံးများအခြေစိုက်ရာ စစ်တွေမြို့ရှိ စစ်ကောင်စီမိသားစုဝင်များ ယခုအပတ်အတွင်းမှ စတင်ထွက်ခွာခဲ့ပြီးနောက် မြို့ခံများလည်း မြို့ကိုစွန့်ခွာနေကြကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

 

စစ်ကောင်စီတပ်ဖွဲ့ဝင် မိသားစုများနှင့် လက်အောက်ခံမိသားစုဝင်များသည် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှစတင်၍ မော်တော်ယာဉ်အများအပြားဖြင့် တန်းစီထွက်ခွာခဲ့ပြီး ရေလမ်းခရီးဖြင့်လည်း ထွက်ခွာခဲ့သည်ဟု ဒေသခံများက ဆိုသည်။

 

“ကားတွေနဲ့တန်းစီပြီး အခေါက်ခေါက်အခါခါ ထွက်သွားကြတာ။ အရေအတွက်တွေ၊ ဘာတွေကတော့ သူတို့အသိုင်းအဝိုင်းပဲသိမယ်။ ကားတွေနဲ့ မြို့ထဲကနေ အပြင်ကို တန်းစီပြီးထွက်ကြတာ” ဟု စစ်တွေမြို့ခံ အမျိုးသမီးတစ်ဦးက CJ Platform သို့ ပြောသည်။

 

စစ်တွေမြို့တွင် ဖုန်းလိုင်းများမကြာခဏဖြတ်တောက်ခြင်းခံနေရပြီး စစ်ကောင်စီမိသားစုဝင်များနှင့် ယင်းအသိုင်းအဝိုင်းမှ မိသားစုဝင်များ ထွက်ခွာချိန်တွင် တစ်လိုင်းထဲသာမိနေသည့် My Tel ဖုန်းလိုင်းပါဖြတ်တောက်ထားခဲ့ကြောင်း ယင်းအမျိုးသမီးက ဆိုသည်။

 

ထိုသို့ စစ်ကောင်တပ်ဖွဲ့ဝင်မိသားစုများထွက်ခွာသွားပြီးနောက် မြို့နေပြည်သူများမှာလည်း စစ်ဖြစ်လာမည်ကို စိုးရိမ်သဖြင့် မြို့ကိုစွန်ခွာနေကြပြီဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးထံမှ စုံစမ်းသိရှိရသည်။

 

ထိုသို့မြို့ခံများပြောင်းရွှေ့နေချိန်တွင် စစ်ကောင်စီမှ ကားလမ်းအထွက်ဂိတ်များပြန်ပိတ်ထားလိုက်ပြီဖြစ်ကြောင်းသိရှိရပြီး အခြားဂိတ်များတွင်မူ စစ်ကောင်စီတပ်သားများ မရှိသလောက်ဖြစ်နေပြီဖြစ်ကြောင်း သိရသည်။

 

“အကုန်လုံးနီးပါးလောက်ကိုပြောင်းနေကြတာ။ ကိုယ့်အစီအစဉ်နဲ့ကိုယ် အဆင်ပြေသလို ပြောင်းနေကြတာ‌ပေါ့။ ဒီရက်ပိုင်းထဲတော့ စစ်တပ်က လမ်းတွေအကုန်ပိတ်လိုက်ပြီ ” ဟု စစ်တွေဒေသခံအမျိုးသားတစ်ဦးက CJ Platform ပြောသည်။

 

မည်သည့်လမ်းများမှတစ်ဆင့် မည်သည့်နေရာများသို့ ရှောင်တိမ်းနေကြသည်ကို တိမ်းရှောင်သူများကပြောကြသော်လည်း လုံခြုံရေးစိုးရိမ်ရသည့်အတွက် CJ Platform က ချန်လှပ်ထားခဲ့သည်။

 

စစ်တွေမြို့ပေါ်တွင်  စစ်ဖြစ်နိုင်မည့်အရိပ်အယောင်များမြင်တွေ့လာရသဖြင့် မြို့နေပြည်သူများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေကြရပြီး ထိုသို့ပြောင်းရွှေ့ရာတွင်လည်း ခက်ခက်ခဲခဲ တိမ်းရှောင်နေကြရသည်ဟု စစ်တွေဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

 

အချို့ရေလမ်းမှတစ်ဆင့် တိမ်းရှောင်ရာတွင် ကျေးရွာအချို့ရှိ ဆိပ်ကမ်းများ၌ ပိုက်ဆံပေး၍ ထွက်ခွာနိုင်သော်လည်း အချို့နေရာတွင် ငွေပေး‌သော်လည်း မရဘဲ အလျင်းသင့်သလိုသာ ထွက်ခွင့်ရကြောင်း အဆိုပါအမျိုးသားက ဆိုသည်။

 

ရခိုင်ပြည်အတွင်း ဟင်းသီးဟင်းရွက်အချို့သာ ကျေးရွာများမှမှောင်ခိုဝင်ရောက်နေပြီး ကုန်စည်အဝင်မရှိသလောက်ဖြစ်နေသည့်အတွက် ကုန်ဈေးနှုန်းများ ဆယ်ဆအထက်မြင့်တက်နေသည့်အပြင် ဖုန်းအင်တာနက်လိုင်းများ မကြာခဏဖြတ်တောက်ခံနေရကြောင်း ဒေသခံများထံမှ သိရသည်။

 

ရခိုင်ပြည်တခွင် ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က အထိနာနေကြောင်း၊ AA ဘက်က ရခိုင်ပြည်နယ်အတွင်း မြို့လေးခုအပါအဝင် ချင်းပြည် ပလက်ဝဒေသတစ်ခုလုံးကိုထိန်းချုပ်ထားနိုင်သည့်အပြင် မြို့နယ်အချို့ရှိ စစ်ကောင်စီစခန်းများနှင့် စစ်သင်္ဘောမြောက်များစွာလည်း ရေမြှုပ်ထားနိုင်ခဲ့သည်။

 

ထို့ပြင် စစ်ပွဲဖြစ်ရာနေရာများ၌ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာထွက်ပြေးခြင်း၊ နယ်စပ်ဖြတ်ကျော်ထွက်ပြေးခြင်းများရှိသည့်အပြင် စစ်ကောင်စီမိသားစုဝင်များလည်းထွက်ပြေးတိမ်းရှောင်နေရပြီး ယခုလ ၇ နှင့် ၈ ရက်နေ့များတွင် ထွက်ပြေးတိမ်းရှောင်ကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ မိသားစုဝင်များလည်း စစ်သင်္ဘောနစ်မြုပ်ခံရမှုတွင် အမြောက်အမြား ပါဝင်သေဆုံးခဲ့ကြသည်။