မတ္တရာမြို့ရှိ ကျေးရွာများကို စစ်ကောင်စီတပ် ဝင်ရောက်ပြီးနောက် ဒေသခံ ၁၀ ဦးထက်မနည်း ဖမ်းခံရသည့်အပြင် အိမ်ခြေ ၂၀ ကျော် မီးရှို့ဖျက်ဆီးခံရ

Published on Feb 15, 2024

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာ(၁၀) ရွာခန့်ကို ယနေ့(ဖေဖော်ဝါရီလ ၁၅ ရက်) နံနက်အစောပိုင်းတွင် စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာပြီးနောက် ဒေသခံ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရသည့်အပြင် အိမ်ခြေ ၂၀ ကျော် မီးရှို့ဖျက်ဆီးခံရကြောင်း ဒေသခံများထံမှ သိရသည်။

 

မတ္တရာမြို့ပေါ်ရှိ စစ်ကောင်စီတပ်သားများနှင့် ရွှေကျောင်းရွာ ပြည်သူ့စစ်(ပျူစောထီး)များအပါအဝင် အင်အား ၁၅၀ ကျော်ဖြင့် ယနေ့နံနက်(၃)နာရီခန့်တွင် အောက်တောင်ကိုင်း၊ ဟင်္သာကုန်းရွာမ၊ ဟင်္သာကုန်းရွာသစ်နှင့် ဆောက်ချုံပေါက်ရွာတို့အပါအဝင် ကျေးရွာ ၁၀ ရွာခန့်ကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်လာပြီးနောက် အိမ်ခြေ(၂၀)ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက CJ Platform သို့ ပြောသည်။

 

“မတ္တရာမြို့ပေါ်က စစ်သားအချို့နဲ့ မတ္တရာမှာက ပျူ(ပြည်သူ့စစ်)တွေများတယ်ဗျ။ ခုလာတာက ရွှေကျောင်းရွာ ပျူတွေနဲ့ အင်အား ၁၅၀ ကျော်လာတာ။ အိမ်ခြေနှစ်ဆယ်အထက် မီးရှို့ခံထားရတယ်။ လူထိခိုက်သေဆုံးတာမျိုးတော့ မရှိဘူး။ ပြည်သူ ဆယ်ယောက်ဝန်းကျင်လောက် အဖမ်းခံထားရတယ်” ဟု ၎င်းက ပြောသည်။

 

မတ္တရာမြို့နယ်ရှိ ၎င်းရွာများတွင် တိုက်ပွဲမဖြစ်ဘဲ ဝင်ရောက်လာခြင်းဖြစ်ပြီး မီးရှို့ခံရသည်မှာ ယခုအကြိမ်အပါအဝင် (၅)ကြိမ်ထက်မနည်းရှိပြီဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

 

ဟင်္သာကုန်း၊ ဟင်္သာရွာသစ်၊ ရှင်လှတောင်ရွာ၊ ရှင်လှမြောက်ရွာ၊ ထန်းခြောက်ပင်၊ ဆောက်ခြုံပေါက် စသည့်ရွာများမှ စုစုပေါင်း အိမ်ခြေ (၂၀ဝ၀) ကျော်မှ မိသားစုဝင် ၈၀၀ ခန့်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဒေသခံတစ်ဦးက CJ Platform သို့ ပြောသည်။

 

ယခုလက်ရှိ စစ်ကောင်စီတပ်သည် မတ္တရာမြို့နယ်၊ ငယ်တိုးကျေးရွာအတွင်းရှိ နေအိမ်များကို တံခါးများရိုက်ဖွင့်ပြီး ပစ္စည်းများကိုဝင်ရောက်ယူငင်ပြီးနောက် မွှေနှောက်နေသည်ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။