ထောင်ကြပ်သည်ဟု အကြောင်းပြကာ မြိတ်အကျဉ်းထောင်မှ နိုင်/ကျဉ်း ၃၀၀ ခန့်အား ကော့သောင်းထောင်သို့ စစ်ကောင်စီ ပြောင်းရွေ့နေ

Author လင်းနွေဦး
Categories
Published on Feb 14, 2024

မြိတ်အကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသား/အကျဉ်းသူ ၃၀၀ ခန့်အား စစ်ကောင်စီက ထောင်ကြပ်သည်ဟု အကြောင်းပြကာ ကော့သောင်းအကျဉ်းထောင်သို့ ယနေ့ ဖေဖော်ဝါရီ ၁၄ ရက် အရုဏ်ဦး အချိန်မှစတင်ကာ ပြောင်းရွေ့နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ၏ တာဝန်ရှိသူ ကိုသိုက်ထွန်းဦးမှ CJ Platform သို့ ပြောသည်။

 

စစ်ကောင်စီ လက်အောက်ခံ စစ်သားများနှင့် ရဲများ ပူးပေါင်း၍  ယနေ့ နံနက် အစောပိုင်းမှ စတင်ကာ အသုတ်များခွဲ၍ တစ်သုတ်လျှင် နိုင်ငံရေးအကျဉ်းသား ၁၀၀ ဝန်းကျင်ဖြင့် ရေကြောင်းလမ်း အသုံးပြု၍ ကော့သောင်းအကျဉ်းထောင်သို့ လုံခြုံရေးယူကာ  ပြောင်းရွေ့လျက်  ရှိသည်ဟု​ ကိုသိုက်ထွန်းဦး၏ ပြောပြချက်အရ သိရသည်။

 

“သူတို့(စစ်ကောင်စီ)ဘက်ကတော့ လူကြပ်တယ်၊ ထောင်ကြပ်တယ် ဆိုတာကို အကြောင်းပြတယ်ပေါ့။ တကယ်တော့ နိုင်ငံရေးဘက်ကို လူတွေအာရုံကျနေတုန်း လုပ်ချင်တာလုပ်နေတာ။ ပထမအသုတ်တော့ အစောကြီးထွက်သွားပြီ။ ခုလေးတင် ဒုတိယ အသုတ် ထပ်ပြောင်းတယ် သိရတယ်”ဟု PPNM ၏ တာဝန်ရှိသူ ကိုသိုက်ထွန်းဦးမှ CJ Platform သို့ ပြောသည်။

 

လုံခြုံရေးအင်အား တောင့်တင်းစွာဖြင့် နိုင်/ကျဉ်းများကို ပြောင်းရွေ့လျက်ရှိသည့် စစ်ကောင်စီမှ မြိတ်အကျဉ်းထောင်တွင်လည်း စစ်သား နှင့် ရဲတပ်ဖွဲ့ဝင်များ ချထားကာ လုံခြုံရေး ဆက်လက်ယူလျက်ရှိပြီး ကျန်ရှိသည့် တတိယအသုတ်အား ရွေ့ပြောင်းရန် ပြင်ဆင်လျက်ရှိသည်ဟုလည်း ကိုသိုက်ထွန်းမှ ထပ်မံ ပြောကြားသည်။

 

“ကျွန်တော်တို့ သိထားတာက ၃၀၀ ကျော်ရွေ့မယ်လို့ သိထားတာ ။ တသုတ်မှာ ၁၀၀ နဲ့ ခုက နှစ်သုတ် ပြီးပြီဆိုတော့ ကျန် တဲ့ နောက်ဆုံး အသုတ်ကို ဘယ်တော့ ရွေ့မလဲဆိုတာ မပြောတတ်သေးပါဘူး”ဟု ၎င်းမှ ဆိုသည်။

 

လက်ရှိတွင် မြန်မာနိုင်ငံအတွင်း စစ်ကောင်စီ လက်အောက်ရှိ အကျဉ်းထောင်များအတွင်း နိုင်ငံရေး အကျဉ်းသား/အကျဉ်းသူများအား ထောင်တွင်း သေဆုံးသည်အထိ လူ့အခွင့်အရေး ဖိနှိပ်လျစ်လျူရှု မှုများ ပြုလုပ်သည်ဟု နာမည်ဆိုး ထွက်နေသည့် စစ်ကောင်စီသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက်နေ့၌ အမျိုးသမီးများပါ ပါဝင်သည့် ပြည်သူ့စစ်မှုထမ်း ဥပဒေအား ထုတ်ပြန်ခဲ့အပြီး ၎င်းဥပဒေထုတ်ပြန်ခြင်း အပေါ် လူထုအာရုံ ရောက်ရှိနေချိန်တွင် အကျဉ်းထောင်များ၌ ယခုကဲ့သို့ စိတ်တိုင်းကျ ခြယ်လှယ်မှု များ ပြုလုပ်နေခြင်းလည်း ဖြစ်သည်။