ပေါ်လံကြီးကျေးရွာရှိ စစ်ကောင်စီတပ် အတိုက်ခံရပြီး ခြောက်ဦးသေ  

Published on Feb 14, 2024

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ ပေါ်လံကြီးကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်အား ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ခြောက်ဦး သေဆုံးပြီး ငါးဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း  ပြည်ခရိုင်၊ တပ်ရင်း- ၃၆၀၂ မှ ထုတ်ပြန်ထားသည်။

 

ပေါ်လံကြီးကျေးရွာတွင် အင်အား ၅၀ခန့်ဖြင့် တပ်စွဲထားသော စစ်ကောင်စီတပ်အား ဖေဖော်ဝါရီလ (၁၃)ရက်၊ နေ့လယ် ၁နာရီ ၅မိနစ်ခန့်တွင် ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၃၆၀၂ တပ်ရင်း တပ်ခွဲ(၄)အဖွဲ့နှင့် ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  ၃၆၀၁ တပ်ခွဲ (၅) တောဘုရင်အဖွဲ့ တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားချိန် ၅ နာရီခန့် ကြာမြင့်ခဲ့ကြောင်း သိရသည်။

 

“တိုက်ပွဲကြာချိန်က သုံးနာရီကနေ ငါးနာရီနီးပါးကြာတယ် (၆)ဦးက တော့ ကျွန်တော်တို့မျက်စိရှေ့တင် သေတာ  ကျွန်တော်တို့ဘက်က အထိအခိုက်အကျအဆုံးမရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်” ဟု  ပြည်ခရိုင်၊ တပ်ရင်း- ၃၆၀၂ သတင်းမှန်ပြန်ကြားရေးတာဝန်ခံ CJ Platform သို့ ပြောသည်။

 

တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကောင်စီမှ ၄၀ မမ လက်နက်ကြီးများဖြင့် အနီးအနားရွာများကို ရမ်းသမ်း ပစ်ခတ်ခဲ့ပြီး အင်အားထပ်မံဖြည့်တင်း၍ လုံခြုံရေးထပ်မံတိုးမြှင့်ထားကာ ဒေသခံများမှာလည်း လက်နက်ကြီးကျရောက်မှု လွတ်ကင်းရာ တောတောင်များနှင့် လယ်ကွင်းများထဲသို့ တိမ်းရှောင်နေရကြောင်း သိရသည်။