စစ်သင်္ဘောသုံးစင်း နစ်မြုပ်သွားမှုအတွင်း ဗိုလ်မှူးများအပါအဝင် စစ်ကောင်စီ တပ်သား ၇၀၀ နီးပါးသေဆုံးဟု သိရ

Author CJ Platform သတင်းအဖွဲ့
Categories
Published on Feb 10, 2024

ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်မှုကြောင့် နစ်မြုပ်သွားခဲ့ရသည့် စစ်ကောင်စီ၏ စစ်သင်္ဘော သုံးစင်း တိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် ဗိုလ်မှူးများ အပါအဝင် စစ်ကောင်စီတပ်သားနှင့် မိသားစုဝင်များ ၆၈၀ဦးကျော် သေဆုံးသွားကြောင်း CJ Platform ၏ ရခိုင်စစ်ရေး သိရှိသူ သတင်းအရင်းအမြစ်ထံမှ သိရသည်။

 

ဖေဖေါ်ဝါရီ (၇)ရက်နှင့် (၈) ရက်နေ့များတွင် စစ်ကောင်စီ၏ ရေတပ်ကို ရက္ခိုင့်တပ်တော်မှ တန်ပြန်တိုက်ခိုက်ခဲ့ရာတွင် ကမ်းထိုးယာဉ်တစ်စင်းအပါအဝင် စစ်သင်္ဘောသုံးစင်း နစ်မြုပ်ပျက်စီးခဲ့ရသည်။

 

“သေတာအကုန် ကြည်းတပ်ကများတယ်၊ ကြည်းတပ်က ရေမကူးတတ်သူတွေ များတယ်လေ၊ ရေတပ်က နည်းနည်းပဲ၊ စကခ(၉)က တပ်ဆုတ်တာကို သွားခေါ်တာ မြစ်ကြောင်းကျဉ်းပြီး ရေတိမ်တဲ့နေရာလည်း ရောက်ရော အပေါ်ကနေ ပစ်ချတာ၊ အပစ်ခံရတဲ့ သင်္ဘောကို နောက်တစ်စင်းက သွားကယ်တာကို အပေါ်ကနေ Drop ဗုံးတွေနဲ့ ဆော်ချလိုက်တာ အကုန်သေတယ်၊ ကမ်းခြေမှာ အလောင်းတွေ ပုံထပ်နေတာကို ဘယ်သူမှ လာမသယ်ရဲဘူး”ဟု CJ Platform ၏ ရခိုင်စစ်ရေး သိရှိသူ သတင်းအရင်းအမြစ်ကပြောသည်။

 

သေဆုံးသူအများစုမှာ ဇန်နဝါရီ ၃၀ ရက်နေ့တွင် ရက္ခိုင့်တပ်တော်မှ တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် စကခ(၉) လက်အောက်ခံ ကျောက်တော်အခြေစိုက် ခမရ (၃၇၄)၊ ခမရ (၃၈၀)မှ တပ်ဆုတ်ပြေးလာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များဖြစ်ပြီး သင်္ဘောများတိုက်ခိုက်ခံရမှုကြောင့် သေဆုံးမှုအတွင်း ကြည်းတပ်မှ ဗိုလ်မှူးအဆင့် (၁၂)ဦး၊ ရေတပ်မှ ဗိုလ်မှူး (၂)ဦးနှင့် ဗိုလ်ကြီး (၂)ဦးအပါအဝင် လက်ရှိကောက်ယူထားဆဲ စာရင်းများအရ (၆၈၇)ဦးထိ သေဆုံးသွားကြောင်း သိရသည်။

 

“ပထမဆုံးအပစ်ခံရတဲ့ သင်္ဘောကို သွားကယ်တော့ ကယ်လာတဲ့ သင်္ဘောကို ကျားပိုက်(ငါးဖမ်းပိုက်တမျိုး) ဖမ်းတားတာ၊ ပိုက်နဲ့ညှိပြီး သင်္ဘောမထွက်နိုင်ချိန်မှာ အပေါ်စီးကနေ ဝိုင်းဆော်တာ ရေတပ်က သေသူနည်းတယ်ဆိုတာက တပ်ဆုတ်သူတွေကို ခေါ်ဖို့ လာကြိုတာဆိုတော့ အရာရှိနဲ့ သင်္ဘောသားနည်းနည်းပဲ ပါတာလေ၊ သူတို့လည်း သေတာပါပဲ”ဟု CJ Platform ၏ ရခိုင်စစ်ရေး သိရှိသူ သတင်းအရင်းအမြစ်က ပြောသည်။

 

သေဆုံးသူများအနက် စကခ(၉)မှ တပ်ဆုတ်ပြေးရာတွင် လိုက်ပါလာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များလည်း ပါဝင်ခဲ့ကြောင်း သိရသည်။

 

စစ်သင်္ဘောများနှင့်အတူ သေဆုံးခဲ့သည့် စစ်ကောင်စီ အရာရှိများ၏ အမည်များနှင့် မိသားစုဝင်စာရင်းအချို့အား CJ Platform မှ လက်ခံရရှိထားသော်လည်း CJ Platform ၏ သတင်းအရင်းအမြစ် လုံခြုံရေးအတွက် ဤသတင်းတွင် ထည့်သွင်း ရေးသားထားခြင်း မရှိပါ။

 

ရက္ခိုင့်တပ်တော်သည် ၂၀၂၄ ခုနှစ်အတွင်းတွင် စစ်ကောင်စီ၏ စစ်သင်္ဘော ခုနစ် စင်းခန့်ကို သွားလာ၍မရအောင်နှင့် မြစ်အတွင်းရေချ၍ မရနိုင်အောင် တိုက်ခိုက်နိုင်ခဲ့ကြောင်းလည်း ရက္ခိုင့်တပ်တော်မှ ထုတ်ပြန်ထားသည်။

 

ဓာတ်ပုံ – pro-SAC

 

ပုံစာညွှန်း – ရေတပ်သရုပ်ပြလေ့ကျင့်ရေး အခမ်းအနားတစ်ခုအား မြင်ရပုံ