ဇရပ်ကြီးတွင် စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် ၁၅ ဦးထက်မနည်း သေဆုံး

Published on Feb 09, 2024

ပဲခူးတိုင်း၊ ဇရပ်ကြီးမြို့တွင် စစ်ကောင်စီတပ်မှ ဖေဖေါ်ဝါရီလ ၆ ရက်နေ့မှ စတင်ကာ ယနေ့အထိ လေကြောင်းတိုက်ခိုက်မှုများအပြင် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် ကလေးငယ်များအပါအဝင် အရပ်သားပြည်သူ (၁၅) ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ဖေဖော်ဝါရီ(၆)ရက်နေ့ ညမှစ၍ ယနေ့ထိ စစ်ကောင်စီတပ်နှင့် KNU တပ်မဟာ (၂)၊ (၃)၊ (၅)နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့ကြား နေ့စဉ် တိုက်ပွဲဖြစ်ပွားနေပြီး အနီးဝန်းကျင်ရှိ ကျေးရွာများဖြစ်သည့် ဇရပ်ကြီး၊ ကင်မွန်းချုံ၊ မာလာကုန်း၊ သာယာကုန်း ၊ဒိုးတန်း၊ ပုဂံကွဲ၊ မြို့စိုး၊ နှစ်တန့်ကူး၊ ချောင်းချား၊ ရှားစေးဘို၊ ရေလျံ နှင့် ပျဥ်ဂန်းရွာများကို ခလရ(၇၃) မှစစ်ကြောင်းထိုးပြီး လေကြောင်းမှတဆင့် ဗုံးများကြဲချနေခဲ့သည်။

ယမန်နေ့ ဖေဖေါ်ဝါရီ ၈ ရက်နေ့ နံနက်ပိုင်း အထိ ဗုံးကြဲမှုကြောင့် (၁၅) ဦးထက်မနည်း သေဆုံးခဲ့ပြီး အယောက်(၅၀) ခန့် ဒဏ်ရာရရှိကာ ဘုန်းကြီးကျောင်းအပါအဝင် အိမ်ခြေ (၃၀) ထက်မနည်းပျက်စီးခဲ့ရကာ ဒေသခံများ အများစုမှာ ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“ဇရပ်ကြီးသားတွေပဲ အသေဆုံးစာရင်းက အတိကျပြောမရသေးဘူး အများကြီးပဲ ကလေးတွေလည်းပါတယ် အဲဒါ (၈) ရက်နေ့မနက်ပိုင်းထိ သိရတဲ့စာရင်း ၊ကျန်တဲ့ရွာတွေမှာ အထိအခိုက် အကျဆုံးသတင်းတွေ မသိရသေးဘူး အဆက်အသွယ်တွေ ပြတ်နေကြတာ” ဟု စစ်ရှောင်အမျိုးသားတစ်ဦးမှ  CJ Platform သို့ ပြောသည်။

ဇရပ်ကြီးမြို့ပေါ်မှ ကျေးရွာများသို့ သွားလာရန် လမ်းပန်းဆက်သွယ်ရေးများလည်း ပြတ်တောက်နေပြီး စစ်ဘေးရှောင်များကို ကူညီပေးရန် အခက်အခဲများလည်း ရှိနေသည်။

 

“ကျွန်မတို့က စစ်ရှောင်တွေကို ကားနဲ့သွားအကြိုအပို့လုပ်ပေး၊ ကယ်ထုတ်ပေးနေတာ ခုတော့ ဇရပ်ကြီးထိပဲ ဝင်လို့ရသေးတယ်” ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသူ တစ်ဦးက CJ Platform သို့ပြောသည်။

 

စစ်ဘေးရှောင်များသည် အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့်သာ ထွက်ပြေးတိမ်းရှောင်ခဲ့ရခြင်းကြောင့် တစ်ကိုယ်ရည်သုံး ပစ္စည်းများ၊ စားနပ်ရိက္ခာများနှင့် အရေးပေါ် ဆေးဝါးများ လိုအပ်နေကြောင်း သိရသည်။

 

ဓာတ်ပုံ – ပေးပို့

 

(အချို့သော သတင်းဓာတ်ပုံများသည် စိတ်မချမ်းမြေ့ဖွယ် မြင်ကွင်းများ ပါဝင်နေသဖြင့် ကြည့်ရှုလိုပါက အောက်ဖော်ပြပါ CJ Platform ၏ Website နှင့် Telegram Channel တို့တွင်သာ ဖော်ပြထားပါသည်။)