စစ်ကောင်စီနှင့် ပတ်သက်သော နေရာများကို ဆက်တိုက် တိုက်ခိုက်ခြေမှုန်းသွားမည်ဟု Dark Shadow UG အဖွဲ့ဆို

Author လဂွန်းအိမ်
Categories
Published on Feb 08, 2024

စစ်ကောင်စီနှင့် ပတ်သက်သော ပစ်မှတ်များကို ဆက်တိုက် တိုက်ခိုက်ခြေမှုန်းသွားမည် ဖြစ်သဖြင့် စစ်ကောင်စီနှင့် နီးစပ်သောနေရာများ၊ စစ်ကောင်စီ အပေါင်းအပါများနှင့် ပြည်သူများ ဝေးဝေးနေကြရန် Dark Shadow UG အဖွဲ့မှ ယနေ့ ဖေဖော်ဝါရီ ၈ ရက်တွင် ထုတ်ပြန်ထားသည်။

 

Dark Shadow UG အဖွဲ့အနေဖြင့် မဟာမိတ် GOD အဖွဲ့တို့ ပူးပေါင်းကာ စစ်ကောင်စီ၏ စစ်ရေးပစ်မှတ်များ ၎င်းနှင့်နီးစပ်သည့် ပစ်မှတ်များကို တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိရာ ယမန်နေ့တွင် စမ်းချောင်းမြို့နယ် မြေနီကုန်းတံတားအောက်ရှိ ဘန်ကာကိုလည်းကောင်း၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ် ရခိုင်ရိုးလေးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကိုလည်းကောင်း အဝေးထိန်းစနစ် အသုံးပြု၍ ဖောက်ခွဲတိုက်ခဲ့သည်။

 

ယင်းတိုက်ခိုက်မှုအတွက်  UG တပ်ဖွဲ့ဝင်တစ်ဦးအား မေးမြန်းခဲ့ရာတွင် မြေနီကုန်း၊ ကုန်းတံတားအောက်မှ ယာဉ်ထိန်းရဲကင်းအား ဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး ထိခိုက်မှုအခြေအနေကို မသိရှိရသေးကြောင်း ဆိုသည်။

 

ထို့အပြင် ယနေ့ ဖေဖော်ဝါရီလ ၈ ရက် နေ့လယ်တွင်လည်း အင်းစိန်မြို့နယ် ဈေးကုန်းအနောက် ရပ်ကွက်ရုံးကိုလည်း အဝေးထိန်းစနစ်ဖြင့်ပင် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

 

“ကျွန်တာ်တို့ တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ လုပ်ဆောင်နိုင်ခဲ့ပါတယ်၊ ပြည်သူအထိအခိုက် မရှိခဲ့ပါဘူး ” ဟု Dark Shadow အဖွဲ့ဝင်တစ်ဦးမှ CJ Platform သို့ ပြောသည်။

 

စစ်ကောင်စီနှင့် ၎င်းတို့ဆက်နွယ်နေသည့် နေရာ၊ လူပုဂ္ဂိုလ်များအား ပစ်မှတ်ထား ထပ်မံတိုက်ခိုက်သွားမည် ဖြစ်သဖြင့် ၎င်းတို့နှင့်ဆက်စပ်နေရာများအား ပြည်သူများအနေဖြင့် ရှောင်တိမ်းနေထိုင်ကြရန်လည်း ၎င်းမှဆိုသည်။