ဇရပ်ကြီးမြို့ရှိ ကျေးရွာများကို စစ်ကောင်စီ ဝေဟင်မြေပြင် ညှပ်ပြီးတိုက်ခိုက်၊ အရပ်သားသေဆုံးမှုများရှိ

Published on Feb 08, 2024

ပဲခူးတိုင်း၊ ကျိုက်မရောမြို့နယ်၊ ဇရပ်ကြီးမြို့နယ်ရှိ ကျေးရွာများကို ယမန်နေ့မှစတင်၍ ယနေ့အထိ စစ်ကောင်စီ၏ ခလရ(၇၃)တပ်ရင်းမှ စစ်ကြောင်းထိုးနေသည့်အပြင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အရပ်သားထိခိုက်သေဆုံးများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

 

ဇရပ်ကြီး၊ ကင်မွန်းချုံ၊ မာလာကုန်း၊ သာယာကုန်း၊ ဒိုးတန်း၊ ပုဂံကွဲ၊ မြို့စိုး၊ နှစ်တန့်ကူး၊ ချောင်းချား၊ ရှားစေးဘို၊ ရေလျံနှင့် ပျဉ်ဂန်းရွာများကို စစ်ကောင်စီက လေယာဉ်များဖြင့် ဗုံးများ အဆက်မပြတ်ကြဲချနေ၍ နေအိမ်များစွာပျက်ဆီးဆုံးရှုံးပြီး လူထိခိုက်သေဆုံးမှုများရှိကြောင်း ဇရပ်ကြီးမြို့နေ စစ်ရှောင်တစ်ဦးက CJ Platform သို့ ပြောသည်။

 

“လေယာဉ်တွေနှစ်စင်း၊ သုံးစင်းနဲ့ ကြဲချနေတာ။ သွားလိုက်၊ ပြန်လာလိုက်နဲ့ ဂျက်ဖိုက်တာတွေရော၊ ဟယ်လီကော်ပတာရောပါတယ်။ ဇရပ်ကြီးက ရစရာမရှိတော့ဘူး။ ဈေးရော၊ အိမ်တွေရော မီးလောင်နေတာ လူတွေလည်း သေတာပေါ့။ လက်ပြတ်တဲ့သူနဲ့ ခြေထောက်ထိသူနဲ့” ဟု ၎င်းက ပြောသည်။

 

ထို့ကြောင့် စစ်ကောင်စီ၏ မြေပြင်၊ ဝေဟင် တိုက်ခိုက်မှုများကြောင့် ဒေသခံ သုံးထောင်ဦးကျော် ရုတ်တရက်စစ်ဘေးရှောင်နေရပြီး ၎င်းတို့သည် နီးစပ်ရာ ဆွေမျိုးများအိမ်နှင့် လယ်ကွင်းများအတွင်းရှိ ဗုံးခိုကျင်းများတွင် ပုံးခိုနေရသည့်အပြင် အချို့မှာ ဇရပ်ကြီးမြို့အနီးရှိ အုတ်တွင်းနှင့် တောင်ငူမြို့များသို့ စစ်ရှောင်နေရကြောင်း စစ်ရှောင်ပြည်သူများ ကူညီကယ်ဆယ်ပေးနေသူတစ်ဦးက ပြောသည်။

 

“စောင်၊ ခေါင်းအုံး၊ ​နေထိုင်​ရေးကိစ္စအဝဝ၊ အိုးခွက်ပန်းကန်တွေတော့ စီစဉ်ပေးထားတယ်။ အလှူ​ငွေက အခုမှ​လော​လောလတ်လတ်ဆိုတော့ စီစဉ်နေရပါတယ်။ လူဦးရေက မနေ့(ဖေဖော်ဝါရီ ၇ ရက်)ကတော့ သုံးထောင်ကျော် လောက်ရှိတယ်။ ဒီနေ့လည်း လာနေဆဲပဲ” ဟု ၎င်းက CJ Platform သို့ ပြောသည်။

 

ဇရပ်ကြီးမြို့နယ်တွင် ဖေဖော်ဝါရီ (၇) ရက်နေ့မှစတင်၍ စစ်ကောင်စီတပ်နှင့် KNU တပ်မဟာ (၂)၊ (၃)၊ (၅)နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို်ကြား နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်မှ လူနေအိမ်များ၊ ရပ်ကွက်များနှင့် ကျေးရွာများကို ဗုံးများအဆက်မပြတ်ကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများလုပ်ဆောင်နေကာ အုတ်တွင်းနှင့် ကျွဲပွဲကြားရှိ တပ်များကလည်း တာဝေးပစ်လက်နက်ကြီးများဖြင့် ပစ်ကူပေးကြောင်း သိရသည်။

 

ယခင်က ဇရပ်ကြီးမြို့နယ်တွင် တိုက်ပွဲငယ်များ ဖြစ်ပွားခဲ့သော်လည်း ယခုကဲ့သို့ ထိခိုက်ပျက်စီးမှုကြီးကြီးမားမား မဖြစ်ခဲ့ဖူးဘဲ ယခုအကြိမ်မှာ အဆိုးရွားဆုံးဖြစ်ကြောင်း စစ်ရှောင်ပြည်သူတစ်ဦးက ပြောသည်။

 

စစ်ရှောင်ပြည်သူများအနေဖြင့် ပြေးလွှားနေကြရသဖြင့် မိသားစုများ တကွဲတပြားစ်ဖြစ်နေကြပြီး ယခုအထိ ပိတ်မိနေသူ များစွာရှိနေသည့်အပြင် ယနေ့ ဖေဖော်ဝါရီ ၈ ရက်နေ့ ညနေပိုင်းအထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။