ခရမ်းမြိုနယ် ထွေအုပ်ရုံးတွင် ဗုံးပေါက် ထိခိုက်ဒဏ်ရာရရှိသူများရှိ
ခရမ်းမြို့ရှိ မြို့နယ်ထွေအုပ်ရုံးမှာ ယနေ့ နေ့လယ်ပိုင်းကဗုံးပေါက်ကွဲမှုဖြစ်ခဲ့ရာ ထိခိုက်ဒဏ်ရာရရှိသူတွေရှိသည်ဟု မြို့ခံတွေဆီက သိရသည်။
စစ်ကောင်စီတပ်သားတွေ တပ်စွဲထားသည့် ခရမ်းမြို့ အထွေထွေအုပ်ချုပ်ရေးဌာနရုံးအတွင်းမှာ ယနေ့ နေ့လယ် နှစ်နာရီဝန်းကျင်က ဗုံးပေါက်ခဲ့ပြီး ဝန်ထမ်းအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မြို့ခံတစ်ဦးက ပြောသည်။
“ထွေအုပ်ရုံးမှာ အကုန်ရှိတယ် ဝန်ထမ်းတွေရော စစ်သားတွေရော ဗုံးပေါက်ကွဲပြီးတော့ လူနာတင်ယာဥ်တွေလဲ သွားတာတွေ့ရတယ် ဒဏ်ရာရတဲ့သူများမယ်နဲ့တူတယ်”ဟု ပြောသည်။
လက်တလောတွင် စစ်ကောင်စီတပ်များ ခရမ်းထွေအုပ်ရုံးနှင့် မြို့တွင်းလမ်းဆုံများမှာ စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု မြို့ခံများထံမှ သိရသည်။
ဗုံးပေါက်ကွဲပြီးနောက် မြို့ခံများပြောဆိုချက်အရ ထိခိုက်ဒဏ်ရာရများ ရှိသည်ဟုသိရပြီး CJ Platform အနေဖြင့် သီးခြားအတည်ပြုနိူင်ခြင်း မရှိပေ။
ရန်ကုန်တိုင်းရှိ မြို့နယ်အချို့တွင် စက်တင်ဘာ ၁ ရက်မှ ၁၇ ရက်အထိ ဗုံးပေါက်ကွဲမှုနှင့် ပစ်ခတ်မှု ၂၄ ကြိမ်ဖြစ်ခဲ့ပြီး ငါးဦးသေဆုံးကာ ခြောက်ဦးဒဏ်ရာရရှိခဲ့သည်။