မတူပီမှာ မိုင်းနင်းမိလို့ အရပ်သား ၂ ဦး ခြေထောက်ပြတ်ဒဏ်ရာများရရှိ

Author ဆလိုင်း
Categories
Published on Jul 09, 2024

ချင်းပြည်၊ မတူပီမြို့နယ်မှာ မိုင်းနင်းမိလို့ ဇူလိုင် ၈ ရက်နေ့ တစ်ရက်တည်း အရပ်သား နှစ်ဦး ခြေထောက်ပြတ်ဒဏ်ရာများရရှိခဲ့တယ်လို့ အဲဒီဒေသခံများထံမှ သိရပါတယ်။

 

မိုင်းနင်းမိတဲ့ အရပ်သား ၂ ဦးဟာ ကလားကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလောင်မန်းနဲ့ ဝလံတဲကျေးရွာမှ ဦးတွီမိုးတို့ ဖြစ်ပါတယ်။

 

“ရွာမှာ AA တွေ တပ်စွဲထားပြီး ရွာပတ်လည်မှာ နင်းမိုင်း၊ ကြွမိုင်းတွေ ထောင်ထားတယ်။ အခုမိုင်းတွေကလည်း AA တွေ ထောင်ထားတဲ့ မိုင်းတွေဖြစ်တယ်။ ဒီဘက်မှာ သူတို့ပဲရှိတယ်” လို့ ဒေသခံအမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဝလံတဲကျေးရွာက ဦးတွီမိုးဟာ ရွာဘောလုံးကွင်းသို့ သွားစဉ် ကြွမိုင်းနင်းမိလို့ ဘယ်ခြေ တစ်ဖက်ပြတ်ကာ ညာခြေ ဒဏ်ရာရပြီး ကလားရွာက ဦးလောင်မန်းဟာ ရွာအဝင်လမ်းမှာ ဆိုင်ကယ်နဲ့ မိုင်းတိုက်မိလို့ ခြေနှစ်ဖက်ပြတ်ခဲ့တယ်လို့ သိရပါတယ်။

 

အဲဒီ မိုင်းနင်းလူနာ နှစ်ဦးကို နီးစပ်ရာတွင် အရေးပေါ်ဆေးကုသမှုပေးပြီး မီဇိုရမ်ဘက်မှာ ဆက်လက် ဆေးကုသသွားမယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ ဇူလိုင်လ ၇ ရက်နေ့ကလည်း AA ထောင်ထားတဲ့ မိုင်းနင်းလို့ ကလားရွာက CDM ကျောင်းဆရာ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

 

ယခုဒေသခံနှစ်ဦးနင်းမိတဲ့မိုင်းဟာ AA ဘက်က ထောင်ထားတဲ့မိုင်းလို့ဆိုပေမဲ့ CJ Platform အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

 

အာရက္ခတပ်တော် AA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကို CJ Platform က ဖုန်းနဲ့ဆက်သွယ်ပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။

 

 

ဓာတ်ပုံ – CJ