၁၄ ရက်အတွင်း မတ္တရာနဲ့ စဉ့်ကူးက စစ်ကောင်စီ တပ်စခန်း ၄၀ နီးပါး မန်း PDF သိမ်းပိုက်

Author လဂွန်းအိမ်
Categories
Published on Jul 09, 2024

တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ဟာ မန္တလေးတိုင်းထဲက မတ္တရာနဲ့ စဉ့်ကူးနယ်ထဲက တပ်စခန်း ၃၆ ခုကို ဇွန် ၂၅ မှ ဇူလိုင် ၈ ရက်အထိ ၁၄ ရက်အတွင်း တိုက်ခိုက်သိမ်းပိုက်ထားတယ်လို့ မန်း PDF ရဲ့ ထုတ်ပြန်ချက်များအရ သိရပါတယ်။

 

အဲဒီတပ်ဖွဲ့ရဲ့ နောက်ဆုံးထုတ်ပြန်ချက် မနေ့ ဇူလိုင် ၈ ရက် ညပိုင်းထဲ စဉ့်ကူးမြို့နယ်ထဲက စစ်ကောင်စီ တပ်စခန်း ငါးခု ထပ်မံသိမ်းပိုက်နိုင်ခဲ့တယ်လို့ ပါရှိပါတယ်။

 

အဲဒီတပ်စခန်းတွေကတော့ ရွှေပြည်နဲ့ လက်ပန်လှရဲစခန်းတို့အပါအဝင် ကျည်တောက်ပေါက်၊ ကန်တောင်နဲ့ ပင်လယ်ကြီးတပ်စခန်းတို့ဖြစ်တယ်လို့ သိရပါတယ်။

 

ဒါဟာ စဉ့်ကူးနယ်ထဲ ဇူလိုင် ၃ ရက်နေ့က စစ်ကောင်စီ တပ်စခန်း ခြောက်ခုသိမ်းပိုက်နိုင်ခဲ့ပြီးနောက် တစ်ပတ်အတွင်း ထပ်သိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

 

မန်း PDF အနေနဲ့ ကနဦးသိမ်းပိုက်ထားတဲ့တပ်စခန်း ခြောက်ခုမှ လက်နက်မျိုးစုံ ၄၀ ကျော်နဲ့ စစ်သုံ့ပန်း ၁၃ ဦးခန့်တို့ ဖမ်းဆီးရရှိထားခဲ့တာပါ။

 

မနေ့ကတော့ စစ်ကောင်စီရဲ့ သပိတ်ကျင်းမြို့နယ် ဒုတပ်မှုး ဒုဗိုလ်မှူးကြီး လှိုင်းထွန်းအောင် (OTC-19) အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦး ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် မန်း PDF ထံ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်(ပျူစောထီး) တပ်ဖွဲ့တွေလည်း လက်နက်ချ အလင်းဝင်လာခဲ့တယ်လို့ ပြောပါတယ်။

 

ယင်းစဉ့်ကူးမြို့နယ်စစ်ဆင်ရေးအတွင်း တပ်စခန်းများမှ လက်နက်ခဲယမ်းများ ရရှိတဲ့အပြင် စစ်ကောင်စီက လေကြောင်းမှ ချပေးသော လက်နက်ခဲယမ်း အထုပ်များကိုလည်း မန်း PDF က သိမ်းဆည်းရရှိခဲ့ပါသေးတယ်။

 

ဒါ့အပြင် Mdy-PDF အနေနဲ့ ဇူလိုင်လ ၂ ရက်နေ့က မတ္တရာမြို့နယ်အတွင်း လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းအပါအဝင် စစ်ကောင်စီစခန်း ရှစ်ခုသိမ်းပိုက်ရရှိထားတာပါ။

 

ဒါပေမဲ့ ဇူလိုင် ၆ ရက်မှာ ထပ်ထုတ်တဲ့ ထုတ်ပြန်ချက်ထဲမှာတော့ မတ္တရာနယ်ထဲ စစ်ကောင်စီ တပ်စခန်း ၁၇ ခုကို ထပ်မံသိမ်းပိုက်ခဲ့တယ်လို့ဆိုထားတာကြောင့် အဲဒီနယ်ထဲ စုစုပေါင်း တပ်စခန်း ၂၅ ခုအထိ သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

 

ဒါကြောင့် မြန်မာပြည်အလယ်ပိုင်းက စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးတို့အတွက် အဓိကကျတဲ့ မန္တလေးတိုင်းထဲက မတ္တရာမှာ ၂၅ ခုနဲ့ စဉ့်ကူးမှာ ၁၁ ခုသိမ်းပိုက်ထားနိုင်တာကြောင့် စစ်ကောင်စီ တပ်စခန်း စုစုပေါင်း ၃၆ ခုအထိ မန်း PDF က သိမ်းလိုက်နိုင်တာဖြစ်ပါတယ်။

 

ဒါဟာ စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်ခွဲကာလအတွင်း အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန(MoD) လက်အောက်က PDF တပ်ဖွဲ့အနေနဲ့ ပထမဆုံးအနေနဲ့ မန်းတိုင်းထဲ စခန်းအများဆုံး သိမ်းပိုက်ရရှိမှုဖြစ်တယ်လို့ စာရင်းဇယားများအရ သိရပါတယ်။

 

မန်း PDF ဟာ မန္တလေးတိုင်းထဲ စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲနေသလို မိုးကုတ်မြို့နဲ့ ရှမ်းမြောက်က ကျောက်မဲ၊ နောင်ချိုမြို့နယ်တို့မှာလည်း တအာင်းတပ် TNLA နဲ့ ဒေသကာကွယ်ရေးတပ်တွေနဲ့အတူ စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲနေပါတယ်။

 

တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေး ဆင်နွှဲနေတာ ဒီနေ့ ဇူလိုင် ၉ ရက်ဆိုပါက ၁၅ ရက်မြောက်ရှိပြီဖြစ်ပါတယ်။

 

ကိုးကန့်တပ် MNDAA က ဇူလိုင် ၂ ရက်မှာ လားရှိုးမြို့ကို စတင်တိုက်ခိုက်နေပြီး ရှမ်းမြောက်က နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်တို့အပါအဝင် မန္တလေးက မိုးကုတ်၊ မတ္တရာနဲ့ စဉ့်ကူး စတဲ့မြို့တွေမှာ တိုက်ပွဲတွေ ဆက်လက်ပြီး အပြင်းအထန်ဖြစ်ပေါ်နေပါတယ်။

 

ဓာတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)