ရခိုင်(တောင်ပိုင်း) တောင်ကုတ်က နောက်ဆုံးအခြေအနေ၊ သံတွဲ-အမ်းတို့ကို AA ရတော့မလား?

Author ကိုထားဝယ်
Categories
Published on Jun 09, 2024

ရခိုင်မြောက်ပိုင်းတခွင် သိမ်းပိုက်လုနီးပါးဖြစ်နေတဲ့ အာရက္ခတပ်တော် AA ဟာ တောင်ပိုင်းတခွင်ကို သိမ်းနိုင်ဖို့ အမ်း၊ သံတွဲ စတဲ့ တောင်ပိုင်းမြို့တွေကို စစ်ဆင်ရေးစတင်နေပါပြီ။ ဒါကြောင့် အမ်းနဲ့ သံတွဲကြားက တောင်ကုတ်မြို့မှာလည်း စစ်ရေးတွေ တင်းမာနေပြီး စစ်ကောင်စီဘက်က ခံစစ်ပြင်နေပါပြီ။ ဒီတော့ တောင်ကုတ်-သံတွဲ-အမ်းမြို့တို့မှာ ဘာတွေဖြစ်နေပါသလဲ။ အဲဒီက မြို့ခံတွေအခြေအနေကရော။ သံတွဲနဲ့ အမ်းကို AA သိမ်းနိုင်တော့မလား။ အဲဒီနောက် တောင်ကုတ်မှာရော တိုက်ပွဲတွေဖြစ်ပေါ်လာနိုင်ပါသလား။ အဲဒီက ဒေသခံတွေ ဘယ်လိုစိုးရွံ့ထိတ်လန့်မှုမျိုးတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါသလဲ။ AA ရဲ့ စစ်ရှိန်ဘယ်လောက်ထိ မြင့်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဘယ်လောက်အထိ ထိတ်လန့်နေကြပါပြီလဲ။

 

အဲဒီက စစ်ရေးအခြေအနေတွေနဲ့ တိုက်ပွဲအခြေအနေတွေအကြောင်းကို သိရှိထားသူ CJ Platform ရဲ့ သတင်းရင်းမြစ်ဖြစ်တဲ့ သုံးမြို့ကြားက တောင်ကုတ်မြို့ခံတစ်ဦးရဲ့ ဆက်သွယ်သတင်းပေးပို့ထားတာတွေကို ကောက်နုတ်ဖော်ပြအပ်ပါတယ်။

 

****************************************

 

“တောင်ကုတ်မြို့အခြေအနေ”

 

စစ်ကောင်စီဘက်က မြို့ကို မစွန့်ခွာဖို့ ဇွန်လ ၄ ရက်‌နေ့တုန်းက ဆရာ/ဆရာမနဲ့ မြို့မိမြို့မတွေကို တပ်ထဲခေါ်တွေ့ပြီး သတိပေးပါတယ်။ သူတို့ဟာ အခြေအနေမကောင်းဘူးလို့ မှတ်ယူနေကြပြီ။

ဇွန်လ ၈ ရက်နေ့မှာ AA က တောင်ကုတ်ဝင်မယ်ဆိုတဲ့သတင်းကြောင့် ပန်းတောင်း-တောင်ကုတ်လမ်း၊ ပဲခူးတိုင်း၊ ပြည်ဘက်သွားတဲ့လမ်းတွေကို ပိတ်လိုက်ပါတယ်။ ဒေသခံတွေမဆိုထားနဲ့ တပ်မိသားစုတွေကိုတောင် ထွက်ခွင့်မပေးပါဘူး။ မြို့ကလူတွေ မြို့ပြင်မထွက်ဖို့ပြောထားသလို တပ်တွင်းမှာလည်း ဇွန်လ ၈ ရက်နေ့မှာ AA လာတိုက်မယ်ဆိုပြီး တပ်လှန့်ထားတာပါ။ စစ်တပ်က ညစဉ် မြို့ပတ်စစ်ကြောင်းထိုးပြီး မသင်္ကာရင် ဖမ်းပါတယ်။

 

လက်ရှိ တောင်ကုတ်မြို့ဟာ တိတ်ဆိတ်ခြောက်ကပ်နေပြီး ကျေးရွာဘက်က ရွာသားတွေလည်း မြို့ကိုမလာကြဘဲ ဘေးလွတ်ရာရှောင်တိမ်းဖို့ ပြင်ဆင်နေကြပါတယ်။ တောင်ကုတ်မြို့ကို တိုက်လေယာဉ်တွေပျံဝဲနေတာ လေးငါးရက်ရှိပါပြီ။ မြို့ကို ပတ်ကြည့်နေတာဖြစ်မယ်ထင်ပါတယ်။ ဗုံးကြဲချမှာကို အားလုံးက ကြောက်ရွံ့နေကြပါတယ်။

 

ဒါ့အပြင် တက္ကသိုလ်ထိပ် မြို့ပြင်စစ်ဆေးရေးဂိတ်ကိုလည်း တပ်က G1 ဆိုသူက ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။ အဲဒီမှာ ဂိတ်စောင့်တပ်သားတွေ အရိုက်ခံရတယ်လို့ကြားသိရပြီး တန်းစီပါးရိုက်တယ်လို့ပြောကြပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သူ့လူအချင်းချင်းလည်း သိပ်မယုံကြတော့ပါဘူး။

 

ဒေသခံတွေ ဘယ်လိုဖြစ်နေလဲ?

 

နှစ်ဘက်တိုက်ပွဲဖြစ်ပြီဆိုရင် “ငါတို့ ပြေးစရာမရှိဘူး။ မြို့ပေါ်ကလည်း ပိတ်၊ ဝင်ထွက်စရာ အပေါက်ကလည်း သုံးပေါက်ပဲ ရှိတယ်။ အဲဒီအပေါက်တွေ အကုန်လုံးကလည်း ပိတ်ထားခံရပြီ” လို့ တောင်ကုတ်မြို့ခံတွေ တွေးနေကြပါတယ်။

 

သူတို့မှာ အမ်းဘက် အပေါက်၊ ပြည်ကို ထွက်တဲ့ ပန်းတောင်း-တောင်ကုတ်လမ်းပေါက်၊ သံတွဲအပေါက်ဆိုပြီး သုံးပေါက်ပဲရှိကြတာပါ။ တခြားတစ်ဘက်မှာ ပယ်လယ်ပဲရှိပါတော့တယ်။ ဒါကြောင့် တကယ်တမ်းစစ်ဖြစ်ပါက မြို့ထဲမှာပဲ အခြေအနေကြည့်ပြီးနေရမယ့်သဘောပါ။ ဗုံးကြဲရင် သူတို့(စစ်ကောင်စီ)က မြို့ပေါ်တွေကို မကြဲဘဲ မြို့ပြင်နဲ့ ရွာတွေကိုပဲ ကြဲဖို့များပါတယ်။ ဘာကြောင့်ဆိုတော့ သူတို့မှာ စာရင်းရှိပြီးသား ဖြစ်နေလို့ပါ။

 

အမ်း-သံတွဲ-တောင်ကုတ်က တပ်အခြေအနေ?

 

သံတွဲမြို့မှာ တိုက်ပွဲတွေစဖြစ်ကတည်းက Y12 လေယာဉ်နဲ့ တောင်ကုတ်မြို့ကို ပတ်ကြည့်နေတာ သုံးလေးရက်ရှိပါပြီ။ မောင်တောကို သွားကြဲလိုက်၊ အပြန် ကျောက်တော်ဝင်ကြဲလိုက်၊ ပြီးရင် တောင်ကုတ်မြို့ကို ပတ်ဝဲလိုက်လုပ်နေတာဖြစ်ပါတယ်။ အဲဒီလေယာဉ်တွေဟာ ပုသိမ်လေတပ်က တက်လာတဲ့ လေယာဉ်တွေလို့ ယူဆရပါတယ်။

 

စစ်ကောင်စီဟာ တောင်ကုတ်မှာ AA တွေ ရောက်နေတယ်ထင်ပြီး တစ်ရက် လေးငါးခေါက်လောက် လေယာဉ်နဲ့ ကင်းထောက်နေပါတယ်။ AA အနေနဲ့ သံတွဲဆီကို တောင်ကုတ်ကနေ စစ်ကူပို့တာလို့ သူတို့ထင်နေပုံရပါတယ်။ မထင်ရင် မထင်သလိုလည်း သံတွဲဘက်ကို ဗုံးကြဲတာမျိုးတွေ လုပ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ပင်လယ်ထဲမှာ စက်လှေသုံးစီးကို စစ်ကောင်စီရေတပ်ကလက်နက်ကြီးနဲ့ပစ်လို့ သေဆုံးရသူတွေရှိတယ်လို့ကြားသိရပါတယ်။ သံတွဲ-တောင်ကုတ်ကြား ပင်လယ်ထဲကကျွန်းဖြစ်တဲ့ ပန်းထော်ကျွန်းကို နေဗီက ထုတယ်လို့လည်း ကြားသိရပါတယ်။

 

သံတွဲရော၊ အမ်းမှာရော တိုက်ပွဲက ဖြစ်နေတော့ တောင်ကုတ်က ကြားခံဖြစ်နေတာပေါ့။ တောင်ကုတ်ကို AA ရသွားရင်တော့ ကြောက်စရာမလိုဘူးလို့ယူဆနေကြပါတယ်။ တောင်ကုတ်မှာ တပ်မဌာန စကခ ၅ ရှိတယ်ဆိုပေမဲ့ စကခ ၅ က တပ်ဖွဲ့ဝင်တွေဟာ အမ်းက အဓိကကျတဲ့ ကဇုကိုင်းတောဟိန်းတောင်ဗျူဟာကုန်းမှာ စစ်ကူသွားနေရတာပါ။ အဲဒီဗျူဟာကုန်းမှာ တောင်ကုတ် စကခ ၅ က ဗျူဟာမှူးကိုယ်တိုင် သွားရောက်ကွပ်ကဲနေရတယ်လို့ ကြားသိရပါတယ်။ ဒါ့အပြင် တောင်ကုတ်က ခလရ ၃၄၆ နဲ့ ၅၄၄ တပ်ရင်းတွေကနေလည်း အမ်းနဲ့ သံတွဲတို့ဆီ စစ်ကူအနေနဲ့ ပတ်ပို့နေရတာပါ။ ဒါကြောင့် တောင်ကုတ်က တပ်ထဲမှာ အင်အားနည်းနေပြီဖြစ်ပါတယ်။ အင်အားရှိတော့ရှိသေးတယ်ဆိုပေမဲ့ ဟန်လောက်ပဲရှိပါတော့တယ်။

 

နောက်ထပ် သတင်းတစ်ခုကြားရတာကတော့ ARSA အဖွဲ့ဝင်တွေကို စစ်တပ်ကခေါ်သွင်းပြီး သံတွဲဘက်ကို တပ်ကူပို့နေတယ်လို့ကြားသိနေရတာပါ။ ဒါကို တပ်တွင်းသတင်းရင်းမြစ်ဆီက ကြားသိရတာဆိုပေမဲ့ အတိအကျတော့ မဟုတ်သေးပါဘူး။

 

သံတွဲ ခလရ ၅၆၆ မှာ လေယာဉ်ကွင်းပါရှိတယ်။ အဲဒါကြောင့် ၅၆၆ ကို AA အနေနဲ့သိမ်းနိုင်ရင် ငပလီ ခလရ ၅၅ ပဲကျန်ပါတော့မယ်။ အဲဒီက တပ်အင်အားဟာလည်း ကျောက်တော်အသိမ်းခံရတဲ့ တိုက်ပွဲတွေမှာ တပ်ကူအင်အားပို့ခဲ့ရလို့ နည်းနေပြီလို့ပြောပါတယ်။ ဒါကြောင့် သံတွဲမြို့က ဒီလဝက်လောက်မှာတင် ကျသွားနိုင်တယ်လို့ သုံးသပ်ချက်ပေးသွားပါတယ်။

 

ပုံစာ – တောင်ကုတ် မြို့ဝင်လမ်းတစ်နေရာကို တွေ့မြင်ရစဉ်(ပုံဟောင်း)