ငပုတော NLD အလုပ်အမှုဆောင်တစ်ဦး စစ်ကောင်စီ ဖမ်းဆီးပြီး လေးရက်အကြာ စစ်ကြောရေးမှာ သေဆုံး ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်တာလို့ စစ်ကောင်စီသတင်းလွှင့်

Author လင်းနွေဦး
Categories
Published on May 09, 2024

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ မရမ်းကွင်းကျေးရွာက NLD မြို့နယ် အလုပ်အမှုဆောင်တစ်ဦး စစ်ကောင်စီ ဖမ်းဆီးခံရပြီးနောက် လေးရက်အကြာမှာ သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီရဲ့ ငပုတောမြို့နယ် အလုပ်အမှုဆောင်တစ်ဦးဖြစ်သူ ဦးသန်းထွန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြီးခဲ့တဲ့ မေလ ၅ ရက် ညပိုင်းမှာ ဝင်ရောက် ဖမ်းဆီးပြီးနောက် စစ်ကြောရေးမှာ စစ်ဆေးနေတုန်း ဒီနေ့ မေလ ၉ ရက် မနက်ပိုင်းမှာ သေဆုံးခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးရဲ့ ပြောဆိုမှုအရ သိရပါတယ်။

 

“ညဘက်ကြီးဝင်ဖမ်းတာ။ အန်ကယ် ဦးသန်းထွန်းက အသက်လည်းကြီးပြီလေ။ သူတို့လာခေါ်တုန်းကလည်း ကောင်းကောင်းမွန်မွန် မဟုတ်ဘူး။ စစ်ကြောရေးမှာ စစ်နေတုန်း ဒီမနက်ပဲ ဆုံးသွားတယ်။ အဲဒါကို ကိုယ့်ကိုယ်ကိုယ် သက်သေသွားပါတယ်ဆိုပြီး စစ်‌ေ-ွးတွေက သတင်းလွှင့်နေတယ်​” လို့ ငပုတောဒေသခံ အမျိုးသမီးတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

စစ်ကြောရေးမှာ ဖမ်းဆီးနှိပ်စက်မှုကြောင့် သေဆုံးခဲ့ရတဲ့ ဦးသန်းထွန်းဟာ အသက် (၅၅)နှစ်အရွယ် ရှိပြီဖြစ်ပြီး စစ်ကောင်စီ မဖမ်းဆီးခင်တုန်းက ကျန်းမာရေးကောင်းမွန်သူဖြစ်သလို သူရဲ့ သေဆုံးမှုအတွက် စစ်ကောင်စီဘက်က မိမိကိုယ်ကို ကြိုးဆွဲချ သတ်သေတာဖြစ်တယ်ဆိုပြီး ငပုတောမြို့နယ်တွင်း သတင်းလွှင့်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

 

ဦးသန်းထွန်းလိုမျိုး NLD အလုပ်အမှုဆောင်တွေ စစ်ကောင်စီ ဖမ်းဆီးပြီးမကြာခင် သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်တွေအများအပြားရှိခဲ့ပြီး အာဏာသိမ်းကာလအစ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၄ ရက်မှာ စလင်းမြို့နယ်က NLD အလုပ်အမှုဆောင် ဦးနိုင်လင်းကို စစ်ကောင်စီတပ်ဖွဲ့တွေက အိမ်တွင်း ဝင်ရောက်စီးနင်းပြီး ဦးခေါင်းကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်သလို အလောင်းကို ယူဆောင်သွားပြီးနောက် မိသားစုဝင်တွေကို ပိုက်ဆံနဲ့လာရောက်ရွေးခိုင်းခဲ့ပါတယ်။

 

အလားတူ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၄ ရက်မှာ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် NLD အလုပ်အမှုဆောင် ဦးဝင်းဌေးကို စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်တွေက ညနေ ၅ နာရီဝန်းကျင်မှာ အိမ်ပြန်လမ်းတစ်နေရာမှာ လည်ပင်းကို ဓားနဲ့လှီးဖြတ်သတ်ဖြတ်ခဲ့သလို ယမန်နှစ် ၂၀၂၃ ခုနှစ် ဧပြီ ၂၄ ရက်ကလည်း ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ် NLD အလုပ်အမှုဆောင် ဦးမြင့်ထွန်းကို စစ်ကောင်စီက နေအိမ်တွင်းဝင်ရောက်ဖမ်းဆီးပြီးနောက် တစ်ပတ်လောက်ကြာတဲ့အခါ မိသားစုက သေဆုံးတယ်လို့ သတင်းရရှိခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။

 

ဓာတ်ပုံ-ပေးပို့

 

ပုံစာ – ငပုတော NLD မြို့နယ်အလုပ်အမှုဆောင် တစ်ဦးဖြစ်သူ ဦးသန်းထွန်းကို ပါတီတွင်းတက်ကြွလှုပ်ရှားသူ လူငယ်တွေနဲ့အတူ တွေ့မြင်ရ(ပုံဟောင်း)