ရန်ကုန်မှာ စစ်မှုထမ်းဥပဒေတင်းကျပ်လာချိန် ရန်ကုန် ၅၁၀၂ တပ်ရင်းက တပ်သားသစ်များ ခေါ်ယူ

စစ်မှုထမ်းနည်းဥပဒေထွက်ရှိလာပြီးနောက် စစ်ကောင်စီထိန်းချုပ်ရာနေရာတွေမှာ လူငယ်တွေကို စစ်မှုထမ်းဖို့ စစ်ကောင်စီက တင်းတင်းကျပ်ကျပ်ကိုင်တွယ်လာတဲ့အချိန်မှာ ရန်ကုန်တပ်ရင်း ၅၁၀၂ ကနေ တပ်သားသစ်တွေ ခေါ်ယူနေတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။
လက်ရှိအချိန်မှာ တော်လှန်ရေးအရှိန်မြင့်အောင်မြင်နေတဲ့အချိန်မှာ စစ်ရေးအရှိန်မြှင့်တင်နိုင်ဖို့ စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေအပေါ် မှန်ကန်တဲ့တော်လှန်ရေးဘက်မှာ ရပ်တည်ဆောင်ရွက်နိုင်ဖို့ ရဲဘော်အသစ်တွေ ထပ်မံခေါ်ယူတာဖြစ်တယ်လို့ ဆိုပါတယ်။
ရန်ကုန် ၅၁၀၂ တပ်ရင်းအနေနဲ့ တပ်သားသစ် ၁၀၀ ဦးသာခေါ်ယူမှာဖြစ်ပြီး အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်းရှိ အမျိုးသားများနဲ့ အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အတွင်းရှိ အမျိုးသမီးများကို ခေါ်ယူမှာဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ ထုတ်ပြန်ထားတဲ့ အသက်အပိုင်းအခြားအတိုင်းသာ ရန်ကုန်တပ်ရင်းက ခေါ်ယူတာတွေ့ရပြီး တပ်သားအသစ်တွေအနေနဲ့ ကိုယ့်အစီအစဉ်နဲ့ ကိုလာရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ရန်ကုန် ၅၁၀၂ တပ်ရင်းက ဖော်ပြထားတဲ့ စည်းကမ်းချက်တွေကို လက်ခံနိုင်သူတွေအနေနဲ့ ရန်ကုန် ၅၁၀၂ တပ်ရင်း FaceBook စာမျက်နှာ၊ ရန်ကုန် ၅၁၀၂ တပ်ရင်းက ရဲဘော်တွေထံဆက်သွယ်ပြီး သင်တန်းသားအဖြစ်စတင်လျှောက်ထားနိုင်ပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီ ထိန်းချုပ်ထားရာနယ်မြေတွေမှာတော့ စစ်မှုထမ်းဥပဒေအရဟုဆိုကာ စစ်ကောင်စီက လူငယ်တွေကို အတင်းအဓမ္မ တပ်သားသစ်စုဆောင်းနေပြီး လူငယ်တွေကို ပြည်ပထွက်ခွင့် ပိတ်ပင်ထားတဲ့အပြင် စစ်မှုထမ်းနည်းဥပဒေအရဟုဆိုကာ မိသားစုကိုပါ တရားစွဲဆိုနိုင်ဖို့ ပြင်ဆင်လာတာကြောင့် လူငယ်တွေကြား စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။
ဓာတ်ပုံ – ရန်ကုန် ၅၁၀၂ တပ်ရင်း