အာဏာရှင်နိုင်ငံတွေမှာ ဘာသာရေးအကြောင်းပြ ဖိနှိပ်တာတွေက အာဏာတည်မြဲဖို့ဖြစ်တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးပြော

အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အာဏာရှင်နိုင်ငံတွေမှာ ဘာသာရေးအကြောင်းပြ ဖိနှိပ်တာတွေက အာဏာတည်မြဲဖို့ဖြစ်တယ်လို့ ဖေဖော်ဝါရီလ ၈ရက် နိုင်ငံတကာဘာသာရေးဆိုင်ရာလွတ်လပ်ခွင့် ထိပ်သီးအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမှာကျင်းပတဲ့ နိုင်ငံတကာ ဘာသာရေးဆိုင်ရာလွတ်လပ်ခွင့်(IRF) ထိပ်သီး အစည်းအဝေးကို နိုင်ငံပေါင်း ၄၁နိုင်ငံ ကျော်က ကိုယ်စားလှယ်ပေါင်း ၁၅၀၀ ကျော်တက်ရောက်ခဲ့ပြီး အဲဒီအစည်းအဝေးမှာ ဝန်ကြီးဒေါ်ဇင်မာအောင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့လည်း တက်ရောက်ခဲ့တာပါ။
“အာဏာရှင်နိုင်ငံတွေမှာ ဘာသာရေးကို အကြောင်းပြုပြီးတော့ ဖိနှိပ်တယ်၊ အာဏာရှင်တွေပဲ အာဏာတည်မြဲဖို့လို့… တကယ်တော့ဘာသာရေးကို တကယ်ယုံကြည်လို့ မဟုတ်ဘဲနဲ့ လူ့အဖွဲ့အစည်းတွေကြားမှာ ကွဲပြားအောင်လုပ်ပြီး အာဏာတည်မြဲအောင်လုပ်နေတဲ့ pattern ပုံစံ ချင်းကတော့ အတူတူပါပဲ” လို့ ဒေါ်ဇင်မာအောင်က ပြောခဲ့ပါတယ်။
ဘာသာရေးကိုအကြောင်းပြုပြီး လူ့အသိုင်းအဝိုင်းကို အားကောင်းအောင် လုပ်တာမျိုးမဟုတ်ဘဲ မတူတဲ့ယုံကြည်မှုတွေ၊ မတူတဲ့ဘာသာရေးတွေ၊ ဒီဟာတွေကြားထဲမှာ ကွဲကွဲပြားပြားဖြစ်အောင် လုပ်ပြီးတော့ပဲ အာဏာရှင်တွေက သူတို့အာဏာရအောင် လုပ်လာတာဖြစ်တယ်လို့ သူမကပြောပါတယ်။
ဒီလိုတူညီတဲ့အချက်တွေဟာ မြန်မာနိုင်ငံမှာသာမက ကမ္ဘာနိုင်ငံအသီးသီးမှာပါ မြင်တွေ့နေရပြီး အခုနွေဦးတော်လှန်ရေးမှာလည်း ဒါတွေကိုအကြောင်းပြုပြီး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် လုပ်ခြင်းနဲ့ ကျော်လွှားနိုင်မယ်ဆိုတဲ့ ကိစ္စရပ်တွေကို အဓိကထားဆွေးနွေးသွားခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။