ချောင်းသာမှာ စစ်ရိပ်စစ်ခြေမရှိတော့လို့ လာရောက်လည်ပတ်သူတွေနဲ့ အပန်းဖြေသူတွေ ပုံမှန်အတိုင်း ပြန်ဝင်ရောက်

Author CJ Platform
Categories
Published on Mar 07, 2025

ဧရာဝတီတိုင်းက အပန်းဖြေကမ်းခြေတစ်ခုဖြစ်တဲ့ ချောင်းသာကမ်းခြေမှာ စစ်ရိပ်စစ်ခြေ မရှိသလောက် လျော့နည်းသွားတာကြောင့် မတ်လဆန်းက စတင်ကာ အပန်းဖြေသူတွေ ပုံမှန် ပြန်လည်ဝင်ရောက်လည်ပတ်နေကြပြီ ဖြစ်တယ်လို့ ချောင်းသာဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

 

ချောင်းသာမှာ စစ်ဘေးရှောင်နေကြသူတွေလည်း ပြန်ရောက်နေပြီဖြစ်သလို ဟိုတယ်၊ တည်းခိုခန်းတွေလည်း ပြန်ဖွင့်နေပြီဖြစ်ပြီး ခရီးသွား အပန်းဖြေသူတွေ မနှစ်ကလောက်မများပေမဲ့ ပုံမှန်အတိုင်းသွားလာနေကြပြီလို့ ဆိုပါတယ်။

 

“အေးအေးဆေးဆေးပုံမှန်အတိုင်းပါပဲ ချက်ပို့တွေလည်း အဆင်ပြေနေကြတယ်။ ပုံမှန်လောက်ကို ဧည့်သည်တွေ ပြန်ဝင်နေကြပြီ” လို့ ချောင်းသာဒေသခံတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

လက်ရှိမှာ ကျောင်းသားတွေ စာမေးပွဲဖြေနေတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လုံခြုံရေးယူပေးထား သလို ကလေးတွေက လက်နက်တွေ ကိုင်ကြည့်နေတာမျိုးတာလည်း တွေ့ရတယ်လို့ သူကဆက်ပြောပါတယ်။

 

ချောင်းသာမှာ ပြန်မဝင်သေးတဲ့ စစ်ရှောင်တချို့ ရှိနေသေးတာကြောင့် ဈေးဆိုင်တချို့ပိတ်ထားတာ ရှိပြီး ပြည်သူ့စစ်တချို့ လက်နက်တွေကိုင်ဆောင်ကာ သွားလာနေတာတွေလည်းရှိတယ်လို့လည်း သိရပါတယ်။

 

ချောင်းသာမြို့အဝင်မှာတော့ စစ်ဆေးမှုတွေတင်းကြပ်ထားပြီး အဓိအားဖြင့် အိမ်စီးကားတွေကို သေသေချာချာ စစ်ဆေးတယ်လို့ သိရကာ ရန်ကုန်ကနေ ချောင်းသာလမ်းတစ်လျောက်မှာတော့ ဧရာဝတီတိုင်းအဝင် ပန်တိုင်ဂိတ်ကလွဲလို့ အဆင်ပြေတယ်လို့ ချောင်းသာကိုသွားတဲ့ ခရီးသွားတစ်ဦးပြောပြချက်အရသိရပါတယ်။

 

“ မြို့ဝင်ဂိတ်မှာ ရှယ်ရစ်တာ မလွယ်ဘူး။ ရန်ကုန်ကနေ တလမ်းလုံး ချောင်းသာသွားမလို့ လို့ပြောရင်ဂိတ်တွေ အေးဆေးဖြတ်လို့ရတယ်” လို့ အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

အာရက္ခတပ်တော် AA နဲ့ မဟာမိတ်တပ်တွေဟာ ဇန်နဝါရီ ပထမပတ်အတွင်းကစပြီး ရခိုင်-ဧရာဝတီတိုင်းအစပ် ပုသိမ်ခရိုင်ထဲကို ထိုးစစ်ဆင်လာခဲ့ပြီး မကျီးဇင်ကျေးရွာနဲ့ ဘောမိကျေးရွာတို့ကို  သိမ်းပိုက်ထားနိုင်ပြီးနောက် သပေါ့ကန်ကျေးရွာမှာ စစ်ကောင်စီတပ်တွေ ခံစစ်ပြင်ထားလို့ အပန်းဖြေလာရောက်သူတွေ မရှိတော့ပဲ ဟိုတယ်တွေလည်း ပိတ်ထားခဲ့ရပါတယ်။

 

လက်ရှိမှာ ကျောင်းသားတွေစာမေးပွဲအပြီး တိုက်ပွဲတွေပြန်စနိုင်တယ်ဆိုတဲ့ သတင်းကြောင့် ဒေသခံတွေဟာ စစ်ရေးသတင်းတွေကို အမြဲနားစွင့်နေပြီး အများစုက ဖြစ်လာရင်ရှောင်တိမ်းနိုင်ဖို့ အဆင်သင့် ပြင်ဆင်ထားနေရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

 

ဓာတ်ပုံ – ပေးပို့

 

ပုံစာ – ချောင်းသာကမ်းခြေတစ်နေရာကို ဖေဖေါ်ဝါရီ ၁၂ရက်က မြင်ရပုံ