ရန်ကုန်မှာ အိမ်သုံးဂက်စ်ဈေး စံချိန်တင်တက်

Author ကိုထက်
Categories
Published on Jul 06, 2024

ရန်ကုန်မြို့မှာ ဇွန်လလယ်လောက်ကစလို့ အိမ်သုံး LPG ဂက်စ်ဈေးနှုန်းများ စံချိန်တင်မြင့်တက်နေတယ်လို့ ဂက်စ်အရောင်းဆိုင်နဲ့ သုံးစွဲသူမြို့ခံများထံမှ သိရပါတယ်။

 

၂၀၂၃ နှစ်ကုန်ပိုင်းက တစ်ပိဿာ ၆၅၀ဝ ကျပ်ရှိခဲ့ရာမှ ယခုနှစ် ဇွန်လလယ်ခန့်မှစပြီး တစ်ပိဿာ ၉၀ဝ၀ ကျပ်အထိ ရှိလာနေတယ်လို့  ရန်ကုန်မြို့က အိမ်သုံး LPG ဂက်စ် အရောင်းဆိုင် ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

 

“အာဏာမသိမ်းခင်ကထက်တော့ သုံးဆကျော်ကျော်လောက်ကိုဖြစ်(တက်)သွားတာပေါ့။ ဒေါ်လာဈေးတက်ပြီး ပစ္စည်းပြတ်တာတွေလည်းရှိတော့။ ၆ လပိုင်းလောက်စပြီးကို ဈေးကအရင် ၆၅၀ဝ ကနေ တစ်ပိဿာကို ၉၀ဝ၀ လောက်ရောင်းမှအဆင်ပြေမယ့်အခြေအနေဖြစ်သွားတာ” လို့ ၎င်းက ပြောပါတယ်။

 

မီးဖိုချောင်သုံး ဘူးသေး တစ်ဘူးလျှင် ယခင် ၁၀ဝ၀ ကျပ်မှ ယခုအခါ ကျပ် ၁၅၀ဝ ကနေ ၂၀ဝ၀ နီးပါးအထိ မြင့်တက်လာတယ်လို့ လှိုင်သာယာမြို့နယ်နေ အိမ်ရှင်မတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“အရင်အာဏာမသိမ်းခင်ကမှ ဂက်စ်တစ်ဘူး ၅၀ဝ ပဲရှိတယ်။ ပြီးခဲ့တဲ့နှစ်ကအထိ ၁၀ဝ၀ ကနေ ၁၂၀ဝ လောက်ထိပဲ အများဆုံးပေးဝယ်ရတာပါ။ အခုက ၁၅၀ဝ ကနေ တချို့ဆိုင်တွေဆို ၁၇၀ဝ၊ ၁၈၀ဝ ဖြစ်နေပြီ” လို့ ၎င်းက ပြောပါတယ်။

 

ပြည်တွင်း ဈေးကွက်အတွင်း အိမ်သုံး ဂက်စ်အသန့် လက်ကားဈေးနှုန်းအဖြစ် ၄၈ ကီလိုဂရမ် တစ်အိုးကို ယခင်က ၁၅၄,ဝ၀ဝ ကျပ်ဝန်းရှိခဲ့ပြီး အခုအခါ ၁၈၅,ဝ၀ဝ ကျပ်အထိ မြင့်တက်လာသလို အရောပါတဲ့ ဂက်စ်တစ်အိုးကို ၁၇၀,ဝ၀ဝ ကျပ်ခန့်ရှိကြောင်း သိရပါတယ်။

 

ကမ္ဘာ့ LPG ဈေးကွက်အတွင်း ဂက်စ်ဈေးနှုန်းများ မြင့်တက်တာနဲ့ ပြည်တွင်းကျပ်ငွေနဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်အကျ အခြေအနေတို့ကြောင့် ဂက်စ်ဈေးနှုန်းများ မြင့်တက်လာတာဖြစ်တယ်လို့ ဂက်စ်လုပ်ငန်းရှင်များထံမှ သိရပါတယ်။

 

ပြည်တွင်းမှာ အသုံးပြုနေတဲ့ အိမ်သုံး၊ မီးဖိုချောင်သုံး၊ လုပ်ငန်းသုံး ဂက်စ်များကို ပင်လယ်ရေကြောင်းမှတစ်ဆင့် အင်ဒိုနီးရှားနိုင်ငံမှ တင်သွင်းသလို နယ်စပ်လမ်းကြောင်းက‌နေတဆင့် ထိုင်းနိုင်ငံမှ တင်သွင်းနေပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်