ရေစကြိုရှိ စစ်ကောင်စီကျောင်းရှေ့ကင်းကို ပြောက်ကျားနည်းဖြင့် ဝင်တိုက်၊ နှစ်ဦးသေဆုံး

Author မင်းထက်
Categories
Published on Jul 06, 2024

မကွေးတိုင်း၊ ရေစကြိုမြို့ ၊ အမှတ် ၈ ရပ်ကွက်ရှိ သုခဝတီ(အထက- ၁)ကျောင်းရှေ့ရှိ ကင်းကို တိုက်ခိုက်ခဲ့မှုအတွင်း စစ်ကောင်စီဘက်က နှစ်ဦး သေဆုံးခဲ့တယ်လို့ Myingyan Black Tiger(MBT)က ဒီနေ့ ဇူလိုင် ၆ ရက်က ထုတ်ပြန်လာပါတယ်။

 

ယမန်နေ့ ဇူလိုင် ၅ ရက် မနက် ၁၀ နာရီခွဲခန့်က အဲဒီကျောင်းရှေ့ ကင်းစောင့်နေတဲ့ ပျူနဲ့ စစ်ကောင်စီတပ်သား သုံးဦးကို တော်လှန်ရေးပူးပေါင်းအဖွဲ့က ပြောက်ကျားနည်းစနစ်သုံးပြီး  သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

 

“သူတို့က တစ်ခါတလေ ဆယ်ယောက်ကျော်တယ်။ တစ်ခါတလေ ၂၀ ဝန်းကျင် ကျောင်းထဲမှာ အမြဲရှိတတ်တယ်။ ဒါပေမဲ့ ကျောင်းရှေ့မှာတော့ သုံးယောက်အမြဲတမ်းထွက်စောင့်တယ်။ အဲဒီ သုံးယောက်ကို အဓိကထား တိုက်ခိုက်ခဲ့တာပါ။ လက်နက်လိုချင်လို့ပေါ့နော်။ ကျွန်တော်တို့ဘက်က သေနတ် Error ဖြစ်သွားတဲ့အတွက် လက်နက်မရခဲ့တာပါ” လို့ MBT အဖွဲ့က ဗိုလ်မိုက်ခဲက CJ Platform ကို ပြောပါတယ်။

 

အဲဒီသုခဝတီ(အထက- ၁)ကျောင်းမှာ စစ်ကောင်စီယန္တရားလက်အောက် ဖွင့်လှစ်ထားတဲ့ ကျောင်းဖြစ်ပြီး ယခုတိုက်ခိုက်မှုမှာ ကျောင်းပြင်ရှိ ကင်းစောင့်တွေကိုသာ အဓိကထားတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီလက်အောက်ခံတပ်သားတွေမှအပ တခြားထိခိုက်မှုတစ်စုံတစ်ရာမရှိ​ကြောင်း ဗိုလ်မိုက်ခဲက ပြောပါတယ်။

 

အဆိုပါတိုက်ခိုက်မှုကို MBT နဲ့အတူ YSO TPG မြို့ပြပြောက်ကျားတပ်ဖွဲ့၊ ရေစကြိုမြို့နယ် ပလဖ တို့မှ ပူးပေါင်းပါဝင်လုပ်ဆောင်ခဲ့ပါတယ်။

 

ဓာတ်ပုံ -Myingyan Black Tiger (MBT)