အာဆီယံမှာ ပြန်ဝင်ဆံ့ဖို့ စစ်အုပ်စုက ကော်မတီဖွဲ့
အာဆီယံအတွင်း မြန်မာနိုင်ငံရဲ့ အခန်းကဏ္ဍနဲ့ အခွင့်အရေးတွေ ပြန်လည်ရရှိဖို့အတွက် စစ်အုပ်စုက အာဆီယံရေးရာကော်မတီ ဖွဲ့စည်းပြီး ပထမဆုံးညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၁၃ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။
အစည်းအဝေးကို နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေက ဦးဆောင်ခဲ့ပြီး သမ္မတရုံး၊ ကာကွယ်ရေး၊ ပြည်ထဲရေး၊ ပြန်ကြားရေးနဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွေက ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့တယ်လို့ စစ်အုပ်စုရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
အစည်းအဝေးမှာ ဦးတင်မောင်ဆွေက ၂၀၂၁ ခုနှစ်နောက်ပိုင်း အာဆီယံဟာ မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံမှုတွေ ရှိခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကိုလည်း မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ အမျိုးသားအကျိုးစီးပွား မထိခိုက်စေဘဲ အတတ်နိုင်ဆုံး အကောင်အထည်ဖော်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ ဆက်ဆံရာမှာ နိုင်ငံတစ်နိုင်ငံချင်းစီအလိုက် ဦးစားပေးအဆင့် သတ်မှတ်ပြီး ထိတွေ့ဆက်ဆံနေတယ်လို့လည်း ပြောပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် အာဆီယံဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရာမှာ တိုးတက်မှုမရှိတာကြောင့် စစ်အုပ်စုရဲ့ နိုင်ငံရေးအဆင့်မြင့် ကိုယ်စားလှယ်တွေကို အာဆီယံထိပ်သီးအစည်းအဝေးတွေ တက်ရောက်ခွင့် ကန့်သတ်ထားပါတယ်။
ဒါပေမဲ့ ၂၀၂၆ ခုနှစ် ဇူလိုင်လအတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ ကြားဝင်ဆောင်ရွက်မှုနဲ့ အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက ဦးတင်မောင်ဆွေကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကလည်း အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ လာအို၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့ မလေးရှားနိုင်ငံတွေကို သွားရောက်ခဲ့ပါတယ်။
ဓာတ်ပုံ – Pro-SAC
