၅ နှစ်ကျော် စစ်ဘေးရှောင်ခဲ့ရတဲ့ ထန်တလန်မြို့ခံတွေ နေရပ်ပြန်ရေး စစ်အုပ်စုနဲ့ စတင်ဆွေးနွေး

Author CJ Platform
Categories
Published on Oct 14, 2026

ချင်းပြည်၊ ထန်တလန်မြို့ကနေ ၅ နှစ်ကျော်ကြာ စစ်ဘေးရှောင်နေရတဲ့ မြို့ခံတွေ နေရပ်ပြန်နိုင်ရေးအတွက် စစ်အုပ်စုနဲ့ ပြင်ဆင်ဆွေးနွေးမှုတွေ စတင်နေပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

 

အောက်တိုဘာ ၇ ရက်မှာ ဟားခါးမြို့က တာဝန်ရှိသူတွေရဲ့ ခွင့်ပြုချက်နဲ့ ထန်တလန်မြို့မိမြို့ဖ ၉ ဦးဟာ ထန်တလန်မြို့ကို သွားရောက်ပြီး ပျက်စီးဆုံးရှုံးမှုအခြေအနေတွေကို ကွင်းဆင်းလေ့လာခဲ့ကြပြီး အောက်တိုဘာ ၁၁ ရက်မှာတော့ ဟားခါးမြို့ရှိ Immanuel Baptist Church ခန်းမမှာ မြို့တွင်းစစ်ဘေးရှောင်တွေနဲ့ ပြန်လည်တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

 

အဲဒီအစည်းအဝေးကနေ နေရပ်ပြန်ရေးလုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်ဖို့ ဦးဆောင်ကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့ပြီး ရပ်ကွက်တစ်ခုချင်းစီအလိုက် လူ ၅ ဦးစီပါဝင်တဲ့ အဖွဲ့တွေကိုလည်း ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။

 

နေရပ်ပြန်ရေးအတွက် စစ်အုပ်စုဘက်က မိုင်းရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးဖို့ရှိပြီး ဦးဆောင်ကော်မတီဘက်ကတော့ မြို့တွင်းသန့်ရှင်းရေး၊ သောက်သုံးရေဖူလုံရေးနဲ့ လျှပ်စစ်မီးရရှိရေးတို့ကို အဓိကထား ဆောင်ရွက်ဖို့ ဆွေးနွေးထားပါတယ်။

 

“စစ်ရှောင်ဘဝနဲ့ နေလာရတာ ၅ နှစ်ကျော်လာပြီဖြစ်တဲ့အတွက် အခုလို နေရပ်ပြန်ဖို့ ကိစ္စစတင်ဆွေးနွေးလာတာပါ။ အစည်းအဝေးတက်ရောက်လာသူအားလုံးကတော့ ကိုယ့်မြို့ကို ပြန်ချင်တဲ့ဆန္ဒ အပြည့်ရှိကြပါတယ်” လို့ ကော်မတီတာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ထန်တလန်မြို့မှာ လူနေအိမ် ၉၀ ရာခိုင်နှုန်းကျော်ဟာ စစ်အုပ်စုရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ပျက်စီးခဲ့ရတာကြောင့် နေရပ်ပြန်နိုင်ဖို့ မိုင်းရှင်းလင်းရေး၊ သောက်သုံးရေ၊ လျှပ်စစ်မီးနဲ့ နေအိမ်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေ အများအပြား ဆောင်ရွက်ဖို့ လိုအပ်နေဆဲဖြစ်ပါတယ်။

 

တစ်ဖက်မှာလည်း အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်ကို တိမ်းရှောင်နေကြရတဲ့ ထန်တလန်မြို့ခံတွေကြားမှာ နေရပ်ပြန်ရေးနဲ့ပတ်သက်ပြီး သဘောထားကွဲပြားမှုတွေ ရှိနေပါတယ်။ စစ်ဘေးရှောင်ဘဝရဲ့ အခက်အခဲတွေကြောင့် အမြန်ဆုံးပြန်လိုသူတွေရှိသလို လက်ရှိလုံခြုံရေးအခြေအနေနဲ့ စစ်အုပ်စုရဲ့ အုပ်ချုပ်မှုအောက်မှာ ပြန်လည်နေထိုင်ရမယ့်အရေးကို စိုးရိမ်သူတွေလည်း ရှိနေပါတယ်။

 

“အများစုကတော့ စစ်ရှောင်ဘဝ အခက်အခဲတွေကြောင့် ပြန်ချင်နေကြပေမဲ့ အချို့က လုံခြုံရေးအရ စိုးရိမ်မှုတွေရှိနေကြတယ်။ ဒါကို ဘယ်သူ့ကိုမှလည်း အပြစ်တင်လို့မရပါဘူး။ တကယ်လို့ နေရပ်ပြန်ကြမယ်ဆိုရင်တော့ ပြန်ချင်တဲ့သူတွေက ပိုများမယ်လို့ ထင်ပါတယ်” လို့ မီဇိုရမ်ရှိ ထန်တလန်ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ထန်တလန်မြို့ခံတွေဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာအတွင်း ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုတွေကြောင့် နေရပ်စွန့်ခွာခဲ့ကြရတာဖြစ်ပြီး နောက်ပိုင်းနှစ်တွေမှာလည်း မြို့တွင်း မီးလောင်မှုတွေ ဆက်လက်ဖြစ်ပွားခဲ့တာကြောင့် မြို့ရဲ့ ၉၀ ရာခိုင်နှုန်းကျော် ပျက်စီးခဲ့ရပါတယ်။

 

ဓာတ်ပုံ – CJ

CJ