စစ်အာဏာသိမ်းပြီးနောက် NCA ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရပ်တန့်ကျဆင်းသွားတယ်လို့ RCSS ပြော
စစ်အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) အကောင်အထည်ဖော်ရေးလုပ်ငန်းစဉ်တွေ ရပ်တန့်သွားပြီး အကောင်အထည်ဖော်နိုင်မှု အလွန်အမင်း လျော့ကျသွားတယ်လို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီး စိုင်းငင်းက ပြောပါတယ်။
အောက်တိုဘာ ၁၅ ရက်မှာ ကျင်းပတဲ့ NCA လက်မှတ်ရေးထိုးခြင်း ၁၁ နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားမှာ သူက အခုလို ပြောကြားခဲ့တာပါ။
အခမ်းအနားကို စစ်အုပ်စုရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နဲ့အဖွဲ့ဝင်တွေ၊ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ 7 EAO Alliance ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။
NCA ဟာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တစ်ခုတည်း မဟုတ်ဘဲ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးနဲ့ နိုင်ငံရေးလမ်းပြမြေပုံတွေ ပါဝင်တဲ့ သဘောတူညီချက်ဖြစ်တယ်လို့ ဗိုလ်မှူးကြီး စိုင်းငင်းက ပြောပါတယ်။ ဒါပေမဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် NCA အကောင်အထည်ဖော်ရေးလုပ်ငန်းတွေကို အရင်လို ပူးပေါင်းဆောင်ရွက်နိုင်ခြင်း မရှိတော့ဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်းတချို့ ချုပ်ဆိုနိုင်ခဲ့ပေမဲ့ လက်တွေ့အကောင်အထည်မဖော်နိုင်ခဲ့တာနဲ့ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) အဆင့်ဆင့်ရဲ့ စောင့်ကြည့်မှုတွေ ထိရောက်စွာ မလုပ်ဆောင်နိုင်ခဲ့တာကြောင့် NCA အပေါ် ဒေသခံပြည်သူတွေရဲ့ ယုံကြည်မှု လျော့ကျလာခဲ့တယ်လို့ သူက ထောက်ပြပါတယ်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ဖို့ ဆွေးနွေးဖက်အချင်းချင်းကြား ယုံကြည်မှုတည်ဆောက်ရေးက အရေးကြီးကြောင်းနဲ့ ၁၉၄၇ ခုနှစ် ပင်လုံသဘောတူညီချက်မှာ ပါဝင်တဲ့ ကတိကဝတ်တွေ လျစ်လျူရှုခံခဲ့ရတဲ့ သမိုင်းကိုလည်း သတိပြုသင့်ကြောင်း ဗိုလ်မှူးကြီး စိုင်းငင်းက ပြောပါတယ်။
လက်ရှိမှာ စစ်အုပ်စုဘက်က NCA Plus နည်းလမ်းနဲ့ ချဉ်းကပ်ဖို့ ကြိုးပမ်းနေပြီး 7 EAO Alliance ဘက်ကတော့ NCA ရဲ့ မူလအနှစ်သာရအတိုင်း ဆောင်ရွက်ဖို့ ကြိုးပမ်းနေတယ်လို့ RCSS က ထောက်ပြထားပါတယ်။ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ဖို့ နိုင်ငံရေးဆန္ဒရှိရေး၊ တန်းတူညီမျှမှုနဲ့ အပြန်အလှန်လေးစားမှုရှိရေး၊ အလျှော့အတင်းလုပ်ဆောင်ရေးနဲ့ ပြည်သူ၊ သက်ဆိုင်သူတွေ၊ သတင်းမီဒီယာနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းတို့ရဲ့ ပါဝင်ကူညီမှုရယူရေးအပါအဝင် အချက် ၁၀ ချက်ကို အလေးထားဆောင်ရွက်ဖို့လည်း တိုက်တွန်းထားပါတယ်။
ဓာတ်ပုံ – Pro-SAC
