စစ်ဆေးရေးဂိတ်တွေမှာ ငွေမပေးဖို့ ဗီနိုင်းဆိုင်းဘုတ်တွေ စိုက်ထားပေမဲ့ ရဲနဲ့စစ်သားတွေက ပြည်သူတွေ မမြင်အောင် အဝတ်နဲ့ကာထား

Author CJ Platform
Categories
Published on Oct 15, 2026

ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးနဲ့ မန္တလေးအပါအဝင် မြို့ဝင်မြို့ထွက် စစ်ဆေးရေးဂိတ်တွေမှာ ငွေကြေးတောင်းခံမှုရှိရင် တိုင်ကြားနိုင်ကြောင်း ဗီနိုင်းဆိုင်းဘုတ်တွေ စစ်အုပ်စုက စိုက်ထူထားပေမဲ့ ယာဉ်မောင်းတွေဟာ စစ်ဆေးမှုကြန့်ကြာမှာစိုးတာကြောင့် ငွေပေးနေရဆဲဖြစ်တယ်လို့ ယာဉ်မောင်းတွေဆီက သိရပါတယ်။

 

အောက်တိုဘာ ၁၄ ရက်ကစပြီး အဲဒီဆိုင်းဘုတ်တွေကို မြို့ဝင်မြို့ထွက် စစ်ဆေးရေးဂိတ်တွေမှာ စိုက်ထူထားတာလို့ ယာဉ်မောင်းတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ရန်ကုန်ကနေ ဧရာဝတီတိုင်းကို သွားမယ်ဆိုရင် ဂိတ်ပေါင်း ၁၄ ဂိတ်ရှိတယ်။ ဂိတ်တိုင်းတောင်းတယ်။ နည်းတာနဲ့ များတာပဲ ကွာတယ်။ အရင်က ပုံစံသတ်မှတ်ချက်နဲ့ တောင်းတယ်။ အခုတော့ လက်ဖက်ရည်ဖိုးပဲ ပေးရတယ်။ ဖုန်းဆက်ပြီး ဘယ်သူက တိုင်ရဲမှာလဲ။ ကိုယ့်ဒုက္ခ ကိုယ်ရှာသလို ဖြစ်နေမှာပေါ့” လို့ သူက ပြောပါတယ်။

 

ပဲခူးမြို့မှာလည်း အောက်တိုဘာ ၁၃ ရက်ကတည်းက ဆိုင်းဘုတ်တွေ စိုက်ထားပေမဲ့ စစ်ဆေးရေးဂိတ်မှာ တာဝန်ကျနေတဲ့ စစ်သားနဲ့ ရဲတွေက ယာဉ်မောင်းနဲ့ ခရီးသည်တွေ မမြင်နိုင်အောင် အဝတ်တွေနဲ့ ကာထားတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

 

“စစ်ဆေးရေးဂိတ်က စစ်သားတွေ၊ ရဲတွေက ယာဉ်မောင်းနဲ့ ခရီးသည်တွေ မြင်မှာစိုးလို့ အဝတ်တန်းလုပ်ပြီး ပုဆိုးတွေ၊ အင်္ကျီတွေ၊ ယူနီဖောင်းတွေ လှမ်းထားတယ်” လို့ သူက ဆိုပါတယ်။

 

မန္တလေး–လားရှိုးလမ်းပိုင်းမှာလည်း ဂိတ်ကြေးကောက်ခံမှုနဲ့ပတ်သက်ပြီး တိုင်ကြားနိုင်ကြောင်း ဆိုင်းဘုတ်တွေ စိုက်ထူထားပေမဲ့ ကုန်တင်ကားမောင်းသူတွေဟာ စစ်ဆေးမှုကြန့်ကြာတာ မဖြစ်စေဖို့ ငွေပေးနေရတယ်လို့ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

 

“ပိုက်ဆံတော့ မတောင်းတော့ဘူး။ ယာဉ်မောင်းတွေက ကိုယ့်သဘောနဲ့ကိုယ် ပေးရအောင်လုပ်တယ်။ ကားတစ်စီးကို နာရီဝက်၊ တစ်နာရီလောက်ကြာအောင် စစ်တယ်။ ယာဉ်မောင်းက စိတ်မရှည်တော့ တစ်သောင်း၊ တစ်သောင်းခွဲလောက် ပေးလိုက်ရင် လွှတ်ပေးလိုက်ရော” လို့ သူက ပြောပါတယ်။

 

စစ်အုပ်စု စိုက်ထူထားတဲ့ ဗီနိုင်းဆိုင်းဘုတ်တွေမှာ စစ်ဆေးရေးဂိတ်တွေမှာ ငွေကြေးတောင်းခံပါက လုံးဝမပေးဖို့နဲ့ စစ်ဆေးတွေ့ရှိပါက တောင်းခံသူရော ပေးသူပါ အရေးယူသွားမယ်လို့ ဖော်ပြထားပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်