တောင်ဒဂုံမှာ ကာယကံရှင်တွေ မသိဘဲ အိမ်ထောင်စုစာရင်းထဲ လူတိုးထည့်မှုတွေရှိနေ

Author CJ Platform
Categories
Published on Oct 15, 2026

ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်မှာ စစ်အုပ်စု လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နဲ့ လူဝင်မှုကြီးကြပ်ရေး (လဝက) ဝန်ထမ်းတွေ ပူးပေါင်းပြီး ကာယကံရှင်တွေ မသိဘဲ အိမ်ထောင်စုစာရင်းထဲ လူဦးရေတိုးထည့်ပေးနေတဲ့ ဖြစ်စဉ်တွေကြောင့် ဒေသခံတွေ အခက်အခဲကြုံနေရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

 

တောင်ဒဂုံမြို့နယ်၊ ၂၆ ရပ်ကွက်၊ မိုးစန္ဒာ ၅ လမ်းမှာ နေထိုင်တဲ့ ဒေါ်ရင်ထွေးရဲ့ အိမ်ထောင်စုစာရင်းထဲကို ကာယကံရှင်မသိဘဲ လူ ၁၁ ဦးအထိ တိုးထည့်ပေးထားတယ်လို့ ရပ်ကွက်နေသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

မူလအိမ်ထောင်စုစာရင်းမှာ လူ ၄ ဦးသာရှိပေမဲ့ အဲဒီအိမ်နံပါတ်ကို အသုံးပြုပြီး အိမ်ထောင်စုစာရင်းနှစ်စောင် ထပ်မံပြုလုပ်ထားတယ်လို့ ဆိုပါတယ်။ အဲဒီစာရင်းနှစ်စောင်မှာ တစ်စောင်ကို လူ ၁၀ ဦး၊ နောက်တစ်စောင်ကို လူ ၃ ဦး ထည့်သွင်းထားပြီး ဦးစီးမှူးလက်မှတ်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

 

ဒေါ်ရင်ထွေးက အဲဒီစာရင်းတွေကို သူမသိဘဲ ပြုလုပ်ထားတာကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို သွားရောက်တင်ပြခဲ့ပေမဲ့ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေက သဘောတူကြောင်း လက်မှတ်ထိုးပေးဖို့ ဖိအားပေးခဲ့တယ်လို့ အဆိုပါရပ်ကွက်နေသူက ပြောပါတယ်။

 

အလားတူ တောင်ဒဂုံမြို့နယ်၊ ၂၄ ရပ်ကွက်မှာလည်း စက်တင်ဘာလကုန်ပိုင်းက အမျိုးသားတစ်ဦးရဲ့ အိမ်ထောင်စုစာရင်းထဲကို လဝကရုံးက အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကို ထည့်သွင်းခဲ့တာကြောင့် ကာယကံရှင်အနေနဲ့ ရုံးကိုသွားရောက် ဖြေရှင်းခဲ့ရတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။ အဲဒီလိုဖြစ်စဉ်တွေ မကြာခဏ ဖြစ်ပွားနေတယ်လို့လည်း သူက ဆိုပါတယ်။

 

အလားတူဖြစ်စဉ်တစ်ခုကို ၂၀၂၅ ခုနှစ် မေမှာ မြောက်ဥက္ကလာပမြို့နယ်၊ င ရပ်ကွက်မှာလည်း ကြုံခဲ့ရပါတယ်။ အဲဒီဖြစ်စဉ်မှာ ဖမ်းဆီးခံထားရတဲ့ လူငယ်တစ်ဦးကို ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက်ရဲ့ အိမ်ထောင်စုစာရင်းထဲ ထည့်သွင်းပြီး စစ်မှုထမ်းဖို့ စီစဉ်ခဲ့တယ်လို့ သိရပါတယ်။

 

ဒီလိုဖြစ်စဉ်တွေကြောင့် စက်တင်ဘာ ၂၉ ရက်မှာ စစ်အုပ်စုခန့် လဝကဝန်ကြီး ဦးမြင့်ကြိုင်က စစ်မှုထမ်းဆင့်ခေါ်ရာမှာ လမ်းမှာတွေ့တဲ့သူတွေကို အိမ်ထောင်စုစာရင်းအတုနဲ့ မှတ်ပုံတင်အတု ပြုလုပ်ပြီး စစ်မှုထမ်းစာရင်းထဲ မထည့်ဖို့ လဝကဝန်ထမ်းတွေကို သတိပေးပြောဆိုခဲ့ပါတယ်။

 

ဓာတ်ပုံ – လဝက