တောင်ကြီးမှာ ကိုယ်ပိုင်ကျောင်းကို အိမ်စီးကား ဝင်တိုက်၊ ကျောင်းသူ ၅ ဦး ဒဏ်ရာရ
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့က ထွန်းတောက်ကိုယ်ပိုင်ကျောင်းကို အောက်တိုဘာ ၁၄ ရက် ညနေ ၆ နာရီမှာ အိမ်စီးကားတစ်စီး ဝင်တိုက်ခဲ့တာကြောင့် ဆဋ္ဌမတန်းကျောင်းသူ ၅ ဦး ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံတင်ထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တောင်ကြီးမြို့၊ ကျောင်းစုရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ ထွန်းတောက်ကိုယ်ပိုင်ကျောင်းကို အိမ်စီးကားတစ်စီး ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်ခဲ့တာလို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ကျောင်းကိုလာတဲ့ကားပဲ ဘရိတ်ပေါက်ပြီး စာသင်ဆောင်ကို ဝင်တိုက်တာ။ ၆ တန်းကလေး ၅ ယောက် ဒဏ်ရာရပြီး ဆေးရုံတင်ထားရတယ်” လို့ အဲဒီဒေသခံက ပြောပါတယ်။
ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့တဲ့ ဆဋ္ဌမတန်းကျောင်းသူ ၅ ဦးဟာ ဦးခေါင်းနောက်စေ့နဲ့ ခြေလက်တွေမှာ ဒဏ်ရာရရှိခဲ့ပြီး စစ်စံထွန်းဆေးရုံကြီးမှာ အတွင်းလူနာတွေအဖြစ် ကုသမှုခံယူနေရတယ်လို့ ဒေသခံက ဆိုပါတယ်။
အဲဒီယာဉ်တိုက်မှုနဲ့ ပတ်သက်ပြီး တောင်ကြီးမြို့မရဲစခန်းက ယာဉ်မောင်း ဦးနန်းမြင့်ငွေကို ပုဒ်မ ၂၇၉၊ ၃၃၇ တို့နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
အောက်တိုဘာ ၁၁ ရက် ည ၁၂ နာရီကလည်း တောင်ကြီးမြို့၊ မင်းလမ်းမှာ အိမ်စီးကားတစ်စီး တိုက်မိတာကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။
ဓာတ်ပုံ – မှုခင်း
