ကလေးမှာ စစ်ကောင်စီ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား တစ်ဦး သေဆုံး

Author ဆလိုင်း
Categories
Published on Jul 06, 2024

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နန်းချောင်းရွာမှာ စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၃၈ နှစ်အရွယ် အရပ်သားတစ်ဦး ဗုံးစထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံများထံမှ သိရပါတယ်။

 

အဲဒီမြို့နယ် အောင်မြင်သာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဒီနေ့ ဇူလိုင်လ ၆ ရက် မနက် ၉ နာရီဝန်းကျင်မှာ နန်းချောင်းကျေးရွာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

 

“ဒီမနက် ဘာမှတိုက်ပွဲမရှိဘဲ စစ်တပ်နဲ့ ပျူအဖွဲ့တွေက ရွာကို တည့်တည့် ဗုံးလာကြဲသွားတယ်။ ရွာက အမျိုးသား တစ်ဦး(ဦးဇော်မင်းထွန်း)က ဗုံးစမှန်ပြီး ပြင်းထန်ဒဏ်ရာရတယ်။ အဲဒီ အမျိုးသားကို ဆေးရုံပို့တဲ့လမ်းမှာ ဆုံးသွားတယ်” လို့ အဲဒီရွာက ဒေသခံအမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

အောင်မြင်သာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူတို့က အနီးနားကျေးရွာတွေမှာ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းနဲ့ နေ့စဉ်လို ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံများက ဆိုပါတယ်။

 

စစ်တပ်အာဏာသိမ်းပြီး ရက်ပေါင်း ၁၂၅၁ ပြည့်တဲ့ ဇူလိုင် ၅ ရက်အထိ စစ်တပ်ရဲ့ မတရားသတ်ဖြတ်ခံရတဲ့ အရပ်သားပြည်သူ စုစုပေါင်း ၅၃၅၈ ဦးရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ မနေ့ ဇူလိုင်လ ၅ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ပုံစာ – စစ်ကောင်စီရဲ့ ဒရုန်းဗုံးကြဲတိုက်ခိုက်လို့ သေဆုံးသွားတဲ့ အမျိုးသားကို တွေ့ရစဉ်

 

ဓာတ်ပုံ – CJ