ရန်ကုန်မှာ စပိန်ရထားတွေ ပြေးဆွဲနိုင်ဖို့ ရထားဘူတာရုံတွေ အဆင့်မြှင့်တင်နေဆဲ

Author ကိုထက်
Categories
Published on Nov 05, 2024

စပိန်ကလာတဲ့ ရထားတွဲဆိုင်းသစ်တွေ ပြေးဆွဲဖို့ ရန်ကုန်မြို့ပတ်လမ်းပိုင်းက ဘူတာရုံနဲ့ ပလက်ဖောင်းတွေ အဆင့်မြှင့်တင်တာတွေကို စစ်ကောင်စီလက်အောက်ခံ မြန်မာ့မီးရထားဌာနက ဒီကနေ့ နိုဝင်ဘာ ၅ ရက်နေ့အထိ လုပ်ဆောင်နေဆဲဖြစ်ပါတယ်။

 

အခုနိုဝင်ဘာလဆန်းပိုင်းမှာ DEMU ရထားသစ်တွေနဲ့ ပြေးဆွဲဖို့ စစ်ကောင်စီဘက်က ညွှန်ကြားထားပေမဲ့ အဆင့်မြှင့်တင်တဲ့လုပ်ငန်းတွေဟာ သတ်မှတ်ကာလမှာ အချိန်မီပြီးစီးတာ မတွေ့ရပါဘူး။

“သတ်မှတ်ကာလက အခုလအစမှာပြီးဖို့ဖြစ်ရမှာ။ အကြောင်းအမျိုးမျိုးတွေပေါ့။ မိုးများတာရယ်။ ‌ရထားလမ်းဘေးက အိမ်တွေက ‌မဖယ်တာတွေလည်းရှိတော့ အဲဒါတွေကြောင့် မပြီးတာပါ။ ဒီလကုန်ပိုင်းလောက်မှ ပြေးနိုင်မယ်ထင်တယ်” လို့ သမိုင်းဘူတာက လက်မှတ်ရောင်းချသူတစ်ဦးက ပြောပါတယ်။

 

လက်ရှိ မြန်မာ့မီးရထားက စပိန်နိုင်ငံကနေရောက်ရှိလာတဲ့ DEMU တွဲဆိုင်းအသစ်တွေနဲ့ ရန်ကုန် – ပဲခူးရထားလမ်းပိုင်းကို ပြေးဆွဲပေးနေပြီး ရထားအတက်အဆင်း အဆင်မပြေမှုတွေလည်း ရှိနေပါတယ်။

 

ရန်ကုန်မြို့ပတ်ရထားလက်မှတ်ခတွေကို ပြီးခဲ့တဲ့အောက်တိုဘာလ ၂၀ ရက်နေ့ကစတင်ပြီး အရင် ခရီးစဉ်တစ်ပိုင်း ၂၀၀ ကျပ်ကနေ အခု ၄၀၀ ကျပ်၊ ခရီးစဉ်စ/ဆုံးကို အရင် ၃၀၀ ကျပ်ကနေ အခု ၈၀၀ ကျပ်အထိ တိုးမြှင့်လိုက်ပါတယ်။

 

သတင်းနဲ့ ဓာတ်ပုံများ – ကိုထက်

 

ပုံစာ – နိုဝင်ဘာ ၅ ရက်နေ့က ရန်ကုန်မြို့ပတ်ရထားလမ်းမှာ အဆင့်မြှင့်‌နေတဲ့ ဘူတာတစ်ခုကိုတွေ့မြင်ရစဉ်

 

Related News

Depend on news