စစ်ကောင်စီ နယ်နှင်ဒဏ်ပေးခံထားရတဲ့ စလင်းက အဓမ္မပြုကျင့်သတ်ဖြတ်သူကို ပြစ်ဒဏ်ပေးနိုင်ဖို့ NUG ကြန့်ကြာနေ

Author Justino
Categories
Published on Nov 05, 2024

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူ ဦးစံကို အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)က ပြစ်ဒဏ်ချမှတ်နိုင်ဖို့ ကြန့်ကြာနေတယ်လို့ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီကနေ စုံစမ်းသိရှိရပါတယ်။

 

ဒီပြစ်မှုအတွက် သက်သေအထောက်အထားတွေ ရရှိထားပြီးဖြစ်သလို တရားခံကလည်း ဝန်ခံထားပြီးဖြစ်ပါတယ်။

 

အဲဒီပြစ်မှုတွေအတွက် သက်ဆိုင်ရာ NUG တရားရေးဋ္ဌာနဆီ မှုခင်းအတိုင်းဆက်လက်စစ်ဆေးပြီး ပြစ်ဒဏ်ချမှတ်ပေးဖို့ တင်ထားပေမဲ့ ကြန့်ကြာနေတာဖြစ်တယ်လို့ အဲဒီပကဖမှ တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။

 

“ကျွန်တော်တို့မြို့နယ်မှာ ပလဖ(ပြည်သူ့လုံခြုံရေးအဖွဲ့)ဖွဲ့ထားတာမရှိသေးလို့ လုပ်ငန်းစဥ်က ကြာနေတာလေးရှိပါတယ်ခင်ဗျာ။ တရားရေးအနေနဲ့ အရမ်းကြာရင်တော့ မြို့နယ်ကနေပဲ စီရင်သွားဖြစ်ရင်လည်း ဖြစ်နိုင်ပါတယ်။ အခြေအနေတစ်ချက်ကြည့်တုန်းမလို့ပါ” လို့ စလင်းမြို့နယ်ပကဖမှ တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။

 

ဦးစံကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇‌၆ နဲ့ ၃၀၂ တို့အပြင် ကြိုတင်ကြံစည်မှုတွေနဲ့ပါ အမှုဖွင့်ထားပြီး နောက်ထပ်ပစ်မှုတွေပါ စစ်ဆေး ရရှိတာကြောင့်အရေးယူဆောင်ရွက်နိုင်ရေး ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

 

“အမျိုးသမီးကိစ္စတွေရှိခဲ့ဖူးပေမဲ့ အမျိုးသမီးတွေဘက်က အရှက်တကွဲမဖြစ်ချင်လို့ မတိုင်ရဲတဲ့အမှုလည်း လိုက်နေပါတယ်” လို့ စလင်းမြို့နယ် ပကဖမှ တာ၀န်ရှိသူက ပြောပါတယ်။

 

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် အဲဒီနှစ်လယ်ပိုင်းမှာ ဦးစံဟာ သူ့ရဲ့ စတုတ္ထမြောက် အိမ်ထောင်ဖြစ်တဲ့ အမျိုးသမီးရဲ့ အရင်ယောကျာ်းကို ကြိုးတုပ်ပြီး ချောင်းထဲမြောခဲ့တဲ့ ပြစ်မှုကျူးလွန်တာကြောင့် စစ်ကောင်စီလက်အောက်ခံတွေက ဂုံညှင်းနွယ်ရွာကနေ နယ်နှင်ဒဏ်ပေးခဲ့တယ်လို့ သိရပါတယ်။

 

ဒါပေမဲ့ သူဟာ ဂုံညှင်းနွယ်ရွာကို ၂၀၂၂ ခုနှစ်အတွင်း ပြန်လည်ရောက်ရှိလာခဲ့ပြီးနောက် ပြီးခဲ့တဲ့အောက်တိုဘာလ ၂၁ ရက်နေ့တုန်းက တော်လှန်ရေးတပ်ဖွဲ့စိုးမိုးနယ်မြေဖြစ်တဲ့ မြောင်းသစ်နဲ့ ဂုံညှင်းနွယ်ကျေးရွာအကြားမှာ အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်သတ်ဖြတ်မှုကို ကျူးလွန်ခဲ့ပါတယ်။

 

ဓာတ်ပုံ – စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့

 

 

Related News

Depend on news