မိုးကြက်သွန်အသစ်တွေ စတင်ဝင်လာပေမဲ့ ကြက်သွန်နီဈေး ဆက်တက်နေ
မိုးကြက်သွန်နီအသစ်တွေ စျေးကွက်အတွင်း စတင်ဝင်ရောက်လာနေသလို တရုတ် ကြက်သွန်နီတွေလည်း ဝင်ရောက်လာနေပေမယ့် ပြည်တွင်းကြက်သွန်နီဈေးက ဆက်လက်မြင့်တက်နေတယ်လို့ ပွဲရုံလုပ်ငန်းရှင်တွေဆီက သိရပါတယ်။
မိုးကြက်သွန်အသစ်တွေ အများအပြားထွက်ရှိလာမယ့် နိုဝင်ဘာလဝန်းကျင်မှာတော့ ရောင်းလိုအားတိုးလာနိုင်တာကြောင့် ဈေးနှုန်း အပြောင်းအလဲ ဖြစ်နိုင်တယ်လို့လည်း ပွဲရုံလုပ်ငန်းရှင်တွေက ဆိုပါတယ်။
လက်ရှိ မြင်းခြံ မိုးကြက်သွန်နီအသစ်တွေ အနည်းငယ်စတင်ဝင်ရောက်လာပြီး တစ်ပိဿာကို ကျပ် ၇,၀၀၀ ကနေ ၇,၅၀၀ ကြား ဈေးရနေပါတယ်။ နွေကြက်သွန်အဟောင်းကတော့ တစ်ပိဿာကို ကျပ် ၈,၅၀၀ ကနေ ၉,၈၀၀ အထိ ဈေးရှိနေတယ်လို့ သိရပါတယ်။
အောက်တိုဘာ ၁၃ ရက်က မြင်းခြံကုန်စည်ဒိုင်မှာ ကြက်သွန်နီတစ်ပိဿာကို ကျပ် ၈,၅၀၀ ကနေ ၁၀,၀၀၀ ကြား ဈေးရခဲ့ပြီး အလုံးကြီးနဲ့ အရည်အသွေးကောင်းတဲ့ ကြက်သွန်နီတွေကတော့ တစ်ပိဿာကို ကျပ် ၁၀,၅၀၀ အထိ ဈေးရခဲ့ပါတယ်။
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ကြက်သွန်နီဈေး ဆက်လက်မြင့်တက်နေပြီး ဆိပ်ဖြူကြက်သွန်နီကို တစ်ပိဿာ ကျပ် ၇,၉၀၀ ကနေ ၁၀,၀၀၀ ကြားနဲ့ ကျပ် ၈,၄၀၀ ကနေ ၁၀,၅၀၀ ကြား ဈေးတန်းနှစ်မျိုး ဖွင့်ထားပါတယ်။ မုံရွာကြက်သွန်နီနဲ့ မျိုးမှားကြက်သွန်နီတွေကိုတော့ တစ်ပိဿာ ကျပ် ၈,၃၀၀ ကနေ ၁၀,၂၀၀ ကြား ဈေးဖွင့်ထားတယ်လို့ သိရပါတယ်။
အောက်တိုဘာ ၁၅ ရက်အတွက် လက်လီရောင်းချသူတစ်ဦးရဲ့ ဈေးနှုန်းစာရင်းအရ မြစ်သားကြက်သွန်နီ ၁၀ ပိဿာကို အလုံးကြီး၊ အပုပ်မပါဘဲ ရွေးချယ်ထားတဲ့အမျိုးအစားအတွက် ကျပ် ၁၂၅,၀၀၀၊ အလုံးလတ်အမျိုးအစားအတွက် ကျပ် ၁၂၀,၀၀၀ နဲ့ လက်ရွေးစင်အမျိုးအစားအတွက် ကျပ် ၁၄၀,၀၀၀ စျေးနှုန်းရှိနေပြီး မုံရွာကြက်သွန်နီ ၁၀ ပိဿာကို အလုံးသေးအမျိုးအစား ကျပ် ၁၀၀,၀၀၀၊ အလုံးလတ်အမျိုးအစား ကျပ် ၁၁၀,၀၀၀ နဲ့ မျိုးမှားကြက်သွန်နီ အလုံးကြီးအမျိုးအစားကို ကျပ် ၁၁၅,၀၀၀ ထိရှိနေပါတယ်။
ကြက်သွန်စိုက်ပျိုးရ မြစ်သားမြို့နယ်မှာ ထွက်ရှိလာတော့မယ် မိုးကြက်သွန်တွေကို တစ်ပိဿာ ကျပ် ၅,၀၀၀ ကနေ ၅,၅၀၀ ဝန်းကျင်နဲ့ ပွဲစားတွေက ကွင်းဆင်း ကြိုက်ကောက်ဝယ်ယူနေတယ်လို့ တောင်သူတွေက ဆိုပါတယ်။
စားသုံးသူရေးရာဦးစီးဌာနရဲ့ မြင်းခြံခရိုင်ဆိုင်ရာ အချက်အလက်အရ ၂၀၂၅–၂၀၂၆ စိုက်ပျိုးရာသီမှာ မိုးကြက်သွန်စိုက်ဧက ၂,၆၁၆ ဧကရှိပြီး ယခင်နှစ်က ၁,၅၉၂ ဧကထက် ၁,၀၂၄ ဧက ပိုများခဲ့ပါတယ်။ အဲဒီအချက်အလက်မှာ မြင်းခြံဒေသအတွက် မိုးကြက်သွန်ကို ပုံမှန်အားဖြင့် စက်တင်ဘာနဲ့ အောက်တိုဘာမှာ စိုက်ပျိုးပြီး ဒီဇင်ဘာနဲ့ ဇန်နဝါရီမှာ ရိတ်သိမ်းလေ့ရှိတယ်လို့ ဖော်ပြထားပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
