စစ်ရာဇဝတ်မှုတွေကို နေ့စဉ်ကျူးလွန်နေတဲ့ မင်းအောင်လှိုင်က “အကြမ်းမဖက်ဘဲ စည်းကမ်းရှိတဲ့ ဒီမိုကရေစီ” ကို သွားရမယ်လို့ ပြော 

Author CJ Platform
Categories
Published on Oct 16, 2026

နိုင်ငံတဝန်း အရပ်သားပြည်သူတွေအပေါ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို နေ့စဉ်ကျူးလွန်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီမိုကရေစီကို လိုချင်ရင် စည်းကမ်းရှိတဲ့ ဒီမိုကရေစီနဲ့ အကြမ်းမဖက်တဲ့ လုပ်ရပ်တွေကိုသာ ကျင့်သုံးရမယ်လို့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ၁၁ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်မိန့်ခွန်းမှာ ပြောဆိုခဲ့ပါတယ်။

 

အောက်တိုဘာ ၁၅ ရက်က ပြုလုပ်ခဲ့တဲ့ NCA ၁၁ နှစ်မြောက် နှစ်ပတ်လည်နေ့ မိန့်ခွန်းမှာ စစ်ခေါင်းဆောင်က PDF အဖွဲ့တွေအနေနဲ့ နိုင်ငံနဲ့ ပြည်သူ့အကျိုးစီးပွားကို ရှေးရှုပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒါ့အပြင် ဒီမိုကရေစီစနစ်ကို သွားရာမှာ စည်းကမ်းရှိတဲ့ ဒီမိုကရေစီနဲ့ အကြမ်းမဖက်တဲ့ နည်းလမ်းတွေကိုသာ အသုံးပြုပြီး အဖြေရှာရမယ်လို့ ပြောကြားခဲ့ပါတယ်။

 

ဒါ့အပြင် လွန်ခဲ့တဲ့ ငါးနှစ်အတွင်း တွေ့ဆုံဆွေးနွေးမှု မပြုလုပ်ခဲ့တဲ့ KNU၊ CNF နဲ့ ABSDF တို့အပြင် NCA လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကိုလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပါဝင်ကြဖို့ ထပ်မံပြောဆိုခဲ့ပါတယ်။

 

အကြမ်းမဖက်ရေးနဲ့ စည်းကမ်းရှိရေးကို ပြောဆိုနေတဲ့ စစ်ခေါင်းဆောင်ဟာ မြေပြင်မှာတော့ ပြည်သူတွေအပေါ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာနဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာတွေကို ဆက်လက်ကျူးလွန်နေတယ်လို့ သုတေသနအဖွဲ့အစည်းတွေရဲ့ အချက်အလက်တွေနဲ့ မြေပြင်သတင်းတွေအရ သိရပါတယ်။

 

မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) ရဲ့ စာရင်းတွေအရ ၂၀၂၆ ခုနှစ် စက်တင်ဘာတစ်လတည်းမှာ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု ၆၅၀ အထိ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုတွေနဲ့ ဆက်စပ်တဲ့ ဖြစ်စဉ် ၁၇၅ ခုမှာ အရပ်သား ၁၆၃ ဦး သေဆုံးပြီး ၂၄၉ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ထိခိုက်သေဆုံးမှုတွေရဲ့ ၈၇ ရာခိုင်နှုန်းဟာ ရခိုင်၊ စစ်ကိုင်း၊ မကွေးနဲ့ ကရင်နီဒေသတွေမှာ ဖြစ်ပွားခဲ့တာလို့ MDSI ရဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။

 

ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းချိန်ကနေ အောက်တိုဘာ ၁၅ ရက်အထိ စစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ ပြည်သူ စုစုပေါင်း ၈,၅၅၁ ဦး ရှိလာပြီဖြစ်ပါတယ်။ ဖမ်းဆီးခံထားရသူ စုစုပေါင်းကလည်း ၃၂,၁၈၂ ဦးအထိ ရှိလာပြီလို့ AAPP က ဖော်ပြထားပါတယ်။

 

ဓာတ်ပုံ – Pro-SAC