မြန်မာ့အရေး ICC သို့ လွှဲအပ်ရန် ကုလလုံခြုံရေးကောင်စီကို တိုက်တွန်းချက် သံအမတ်ကြီး ဦးကျော်မိုးထွန်း ထပ်လောင်းထောက်ခံ

Author CJ Platform
Categories
Published on Oct 16, 2026

မြန်မာစစ်အုပ်စုရဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အရေးယူနိုင်ရေးအတွက် မြန်မာ့အရေးကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) သို့ လွှဲအပ်ပေးဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရဲ့ တိုက်တွန်းချက်ကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထပ်လောင်းထောက်ခံ ပြောဆိုခဲ့ပါတယ်။

 

နယူးယောက်မြို့မှာ အောက်တိုဘာ ၁၄ ရက် မနက်ပိုင်းက ကျင်းပတဲ့ ကုလသမဂ္ဂ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနဲ့ ယဉ်ကျေးမှုရေးရာကော်မတီ (တတိယကော်မတီ) အစည်းအဝေးမှာ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk က စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုများပြားလာတာနဲ့ ရိုဟင်ဂျာဒုက္ခသည် ၁ သန်းကျော် ဘေးကင်းလုံခြုံစွာ နေရပ်ပြန်နိုင်ခြင်းမရှိသေးတဲ့ အခြေအနေတွေကို ထောက်ပြပြောဆိုခဲ့ပါတယ်။ အဲဒီအတွက် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မဟာမင်းကြီးကို အထူးကျေးဇူးတင်ရှိကြောင်း အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

 

ဆွေးနွေးပွဲမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက စစ်အာဏာသိမ်းပြီးနောက် စစ်အုပ်စုရဲ့ လူမဆန်တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကြောင့် ပြည်သူ ၈,၅၀၀ ကျော် သေဆုံးခဲ့ရပြီး ၁၅,၀၀၀ ကျော် မတရားဖမ်းဆီးခံထားရကြောင်း ရှင်းလင်းပြောဆိုခဲ့ပါတယ်။

 

ဒါ့အပြင် စစ်အုပ်စုဟာ တရားဥပဒေစိုးမိုးမှုကို ဖျက်ဆီးခဲ့ပြီး မြန်မာနိုင်ငံကို နယ်စပ်ဖြတ်ကျော်မှုခင်းတွေရဲ့ ဗဟိုချက်ဖြစ်လာစေကာ ဒေသတွင်း မတည်ငြိမ်မှုတွေကို ဖြစ်ပေါ်စေတယ်လို့ ထောက်ပြခဲ့ပါတယ်။

 

စစ်အုပ်စုဟာ သံတမန်ရေးအရ ဆွေးနွေးညှိနှိုင်းမှုတွေ၊ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်နဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် ၂၆၆၉ တို့ကို လျစ်လျူရှုထားတာကြောင့် စစ်အုပ်စုကို အပြည်ပြည်ဆိုင်ရာဥပဒေတွေ လေးစားလိုက်နာဖို့ တောင်းဆိုနေတာဟာ အချည်းနှီးဖြစ်နေတယ်လို့ သံအမတ်ကြီးက ပြောပါတယ်။

 

ဒါကြောင့် မြန်မာ့အရေးကို ICC သို့ လွှဲအပ်ရေးအပါအဝင် ထိရောက်တဲ့ တာဝန်ခံမှုဆိုင်ရာ အရေးယူဆောင်ရွက်ချက်တွေကို အရေးတကြီး လုပ်ဆောင်ဖို့ လိုအပ်ကြောင်းလည်း အလေးအနက် ပြောဆိုခဲ့ပါတယ်။

 

အချို့နိုင်ငံတွေက စစ်အုပ်စုနဲ့ ပုံမှန်အတိုင်း ထိတွေ့ဆက်ဆံဖို့ ကြိုးပမ်းနေတာဟာ မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ပိုမိုကျူးလွန်လာစေဖို့ အားပေးရာရောက်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက သတိပေးခဲ့ပါတယ်။ ဒါ့အပြင် အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ လူ့အခွင့်အရေးကို အခြေခံတဲ့ ထိတွေ့ဆက်ဆံမှုတွေကိုသာ စစ်မှန်စွာ လက်ခံကျင့်သုံးကြဖို့ တောင်းဆိုခဲ့ကြောင်း သိရပါတယ်။

 

ဓာတ်ပုံ – NUG