ပဲခူးမှာ စားအုန်းဆီ ဈေးတင်ရောင်းတဲ့ ကုန်စုံဆိုင် ၂ ဆိုင်ကို ဖမ်းဆီးအရေးယူ
ပဲခူးမြို့ပေါ်မှာ စားအုန်းဆီကို ဈေးတင်ရောင်းချတယ်ဆိုတဲ့ တိုင်ကြားချက်ကြောင့် ညောင်ဝိုင်းလမ်းမတန်းရှိ ကုန်စုံဆိုင် ၂ ဆိုင်ကို အောက်တိုဘာ ၁၅ ရက်မှာ စစ်အုပ်စုရဲ့ စားသုံးသူရေးရာဦးစီးဌာနနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးအရေးယူခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အောက်တိုဘာ ၁၅ ရက် မွန်းလွဲ ၂ နာရီခန့်မှာ စားသုံးသူရေးရာတာဝန်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ညောင်ဝိုင်းတောင်ပိုင်း၊ ၁၄ လမ်းထိပ်ရှိ “ရီရီခိုင်” ကုန်မျိုးစုံဆိုင်နဲ့ ညောင်ဝိုင်းလမ်းမတန်းရှိ “စိန်သီဟ” ကုန်မျိုးစုံဆိုင်တို့ကို ဝင်ရောက်စစ်ဆေးခဲ့တာလို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“စားအုန်းဆီ တစ်ပိဿာကို ကျပ် ၂ သောင်းကျော်နဲ့ ရောင်းလို့ ဒေသခံတွေက တိုင်တာ တိုင်ပါများလို့ စားသုံးရေးရာနဲ့ ရဲတွေက ဝင်စစ်ပြီး ဖမ်းတာ” လို့ သူက ပြောပါတယ်။
လက်ရှိမှာ စားအုန်းဆီတစ်ပိဿာရဲ့ ပြင်ပပေါက်ဈေးဟာ ကျပ် ၂၆,၀၀၀ ကနေ ၂၈,၀၀၀ အထိ ရှိနေပြီး ပဲခူးမြို့ပေါ်က ဆိုင်အများစုမှာလည်း အဲဒီဈေးနှုန်းတွေနဲ့ ရောင်းချနေကြတယ်လို့ ကုန်စုံဆိုင်ရှင်တစ်ဦးက ပြောပါတယ်။ ဒါကြောင့် ဆိုင် ၂ ဆိုင်တည်းကိုသာ ဖမ်းဆီးအရေးယူတာဟာ ဥပဒေကို မညီမမျှ ကျင့်သုံးတာဖြစ်တယ်လို့ သူက ဝေဖန်ပါတယ်။
“စားအုန်းဆီက မှောင်ခိုဈေးကွက်မှာတင် နှစ်သောင်းကျော်နေတော့ ပြန်ရောင်းတဲ့သူတွေကလည်း ကုန်ကျစရိတ်တွက်ပြီး အမြတ်တင်တယ်။ ဒီဈေးနှုန်းကိုပဲ ဆိုင်တိုင်းလိုလို ရောင်းနေတာ။ ဒါကို ကုန်စုံဆိုင် ၂ ဆိုင်ကိုပဲ ကွက်ပြီးဖမ်းတာမျိုးကျတော့ ဥပဒေက ကွက်ကျားမိုးရွာသလို ဖြစ်မနေဘူးလား” လို့ သူက ဝေဖန်ပြောဆိုပါတယ်။
သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချတာကို တားမြစ်လိုပါက ဆီကုန်သည်အသင်းအနေနဲ့ လက်လီပြန်လည်ရောင်းချသူတွေကို စားအုန်းဆီ လုံလောက်စွာ ဖြန့်ဖြူးပေးသင့်တယ်လို့ စားအုန်းဆီ လက်လီလက်ကားရောင်းချသူတစ်ဦးက ပြောပါတယ်။
“စားအုန်းဆီကို စစ်တပ်က ကုမ္ပဏီတွေကို တိုက်ရိုက်ချပေးတယ်။ ကုမ္ပဏီတွေက လက်လီလက်ကားရောင်းတဲ့သူတွေကို ခွဲတမ်းအပြည့်မရောင်းပေးဘဲ နည်းနည်းလေးပဲ ရောင်းပေးတော့ မှောင်ခိုဈေးကွက်ကြီးလာအောင် လုပ်တယ်။ ဆီဈေးကွက်ကို ထိန်းချုပ်ချင်တယ်ဆို အပေါ်ကနေ စပြင်မှရမှာ” လို့ သူက ပြောပါတယ်။
လက်ရှိမှာ “ရီရီခိုင်” နဲ့ “စိန်သီဟ” ကုန်မျိုးစုံဆိုင်ပိုင်ရှင် ၂ ဦးကို ပဲခူးမြို့မရဲစခန်းက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။
ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ ဧရာဝတီနဲ့ နေပြည်တော်တို့မှာလည်း စားအုန်းဆီတစ်ပိဿာကို ကျပ် ၂၃,၀၀၀ ကနေ ၂၈,၀၀၀ အထိ ပေးဝယ်နေရတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
