မြန်မာ-အိန္ဒိယအမှတ်(၂)နယ်စပ်ကုန်သွယ်ရေးစခန်း ပြန်မဖွင့်သေးလို့ ကုန်ဈေးနှုန်းများမြင့်တက်နေ

Author ဆလိုင်း
Categories
Published on Aug 03, 2024

မြန်မာ-အိန္ဒိယ အမှတ်(၂)နယ်စပ်ကုန်သွယ်ရေးစခန်း ရိဒ်-ဇိုခေါသာရ် ကုန်သွယ်ရေးတံတားကို အိန္ဒိယဘက်က ဆယ်ရက်ကြာတဲ့အထိ ဆက်လက်ပိတ်ထားဆဲဖြစ်တယ်လို့ ဒေသခံများထံမှ သိရပါတယ်။

အဲဒီ ကုန်သွယ်ရေးတံတားကနေ မြန်မာပြည်ထဲသို့ ကုန်ပစ္စည်းတွေ အခွန်မဆောင်ဘဲ မီဇိုရမ်ဘက် တရားမဝင် တင်သွင်းတာနဲ့ပတ်သက်လို့ စစ်ဆေးဖို့ဆိုပြီး ဇူလိုင်လ ၂၅ ရက်နေ့က အိန္ဒိယဗဟို အစိုးရက ပိတ်ထားလိုက်တာဖြစ်ပါတယ်။

 

ဒါကြောင့် နှစ်နိုင်ငံ နယ်စပ်တလျောက်မှာ မြန်မာဘက်ခြမ်းအပြင် မီဇိုရမ်ဘက်မှာလည်း ကုန်စျေးနှုန်းတွေမြင့်တက်နေပြီး ဒေသခံတွေ စားဝတ်နေရေး အခက်ကြုံတွေ့နေကြရတယ်လို့ ရိဒ်နဲ့ ဇိုခေါသာမြို့ခံတွေက CJ Platform သို့ ပြောပါတယ်။

 

“တံတားက ဘယ်လောက်ကြာ ပိတ်ထားမလဲတော့ မသိဘူး။ လူကတော့ သွားလို့ရပါတယ်။ တစ်ခါတလေမှ စစ်ဆေးတာရှိပါတယ်။ ကုန်ပစ္စည်း အဝင်/အထွက် ပိတ်လိုက်တဲ့အတွက် မီဇိုရမ်ဘက်ခြမ်းရော၊ မြန်မာဘက်ကပါ ကုန်စျေးနှုန်းတွေ တောက်လျောက်တက်နေပါတယ်။ ဘာမှကုန်သွယ်လို့မရဘူး” လို့ ရိဒ်ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

အလားတူ မီဇိုရမ်၊ ဇိုခေါသာရ်ဘက်မှာလည်း မြန်မာကုန်ပစ္စည်းဈေးတွေ အဆမတန်မြင့်တက်သွားတယ်လို့ အဲဒီဘက်က ဒေသခံတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“ကျွန်တော်တို့ ဇိုခေါသာရ်က တခြားမြို့တွေနဲ့ အလှမ်းဝေးတဲ့အတွက် စားသောက်ကုန်ပစ္စည်း၊ အသုံးဆောင်တွေကို မြန်မာပြည်ဘက်ကနေ အဓိက ဝယ်ယူစားသောက်နေကြတာဖြစ်ပါတယ်။ အခု နယ်စပ်ဂိတ်ပိတ်လိုက်တဲ့အတွက် ဆန်းဒေး၊ ဆပ်ပြာမှုန့်၊ ဆား၊ ငါးပိတွေ စျေးနှစ်ဆတက်သွားတယ်” လို့ ၎င်းက ပြောပါတယ်။

 

မြန်မာပြည်ဘက်က မီဇိုရမ်ထဲသို့ ငပိ၊ ဆား၊ ဆီ၊ ကြက်ဥ၊ ကော်ဖီမစ်၊ ဆပ်ပြာမျိုးစုံ တင်သွင်းပြီး အရင် နယ်စပ်ဂိတ် မပိတ်ခင် ကြက်ဥ တစ်လုံး ၅၀၀ ကျပ်ကနေ ယခုအခါ ၈၀၀၊ ဆားတစ်ထုတ် ၁၀၀၀ မှ အခု ၃၀၀၀ ကျပ်၊ မာမီးခေါက်ဆွဲတစ်ထုပ် ၇၀၀ မှ အခု ၁၃၀၀ ကျပ်၊ Sunday ကော်ဖီ အထုပ်ကြီးတစ်ထုပ် ၆၀၀၀ မှ အခု ၉၀၀၀ ကျပ်နဲ့ ငပိတစ်ထုတ် ၁၀၀၀ မှ အခု ၃၀၀၀ ကျပ်တို့သို့ အသီးသီးမြင့်တက်နေတယ်လို့ သိရပါတယ်။

 

နှစ်နိုင်ငံနယ်စပ် တံတားပိတ်ထားပြီး အိန္ဒိယ ရိုင်ဖယ်တပ်တွေက နယ်စပ်ဂိတ်တွေမှာ လုံခြံရေးတင်းကျပ်ထားပြီး စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – CJ

 

ပုံစာ – အိန္ဒိယ-မြန်မာ အမှတ် ၂ နယ်စပ်ကုန်သွယ်ရေး တံတားကို တွေ့ရစဥ်