သန်လျင်နဲ့ သာကေတမှာ ယာဉ်တိုက်မှုတွေဖြစ်လို့ ၁ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ

Author ကိုထက်
Categories
Published on Jul 03, 2024

ရန်ကုန်မြို့၊ သန်လျင်နဲ့ သာကေတမြို့နယ်တို့မှာ မနေ့ ဇူလိုင် ၂ ရက်က ယာဉ်တိုက်မှုတွေဖြစ်လို့ အမျိုးသား တစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ အဲဒီမြို့ခံ လူမှုကယ်ဆယ်ရေးအသင်းများထံမှ သိရပါတယ်။

ဇွန်လ ၂ ရက် ညပိုင်းက သန်လျင်မြို့နယ်၊ ဘုရားကုန်းမှတ်တိုင်အနီးမှာ ယာဉ်တစ်စီးက လမ်းဖြတ်ကူးနေတဲ့အမျိုးသားတစ်ဦးကို တိုက်မိပြီး မောင်းပြေးလို့ သက်လတ်ပိုင်းအမျိုးသား နေရာမှာပဲ သေဆုံးခဲ့တယ်လို့ လောကအလင်းလူမှုကူညီကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

“ဟိုရောက်တော့ အတိုက်ခံရတဲ့သူက Dead Body ဖြစ်နေပြီ။ Dead Body ကို သန်လျင်ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်” လို့ ၎င်းက ပြောပါတယ်။

ဒါ့အပြင့် သာကေတမြို့နယ်၊ ရှုခင်းသာလမ်းမကြီး ၄၉ စိမ်း(ဂိတ်)မှတ်တိုင်အနီးမှာ အငှားယာဉ်နှစ်စီးတိုက်မိလို့ အသက် ၄၀ ဝန်းကျင်ရှိကြတဲ့ အမျိုးသားနဲ့ အမျိုးသမီးတို့ နှစ်ဦးစလုံးမျက်ခုံးကွဲဒဏ်ရာတွေရခဲ့တယ်လို့ သာကေတမြို့နယ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

 

ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်ကလည်း သာကေတနဲ့ တောင်ဥက္ကလာပမြို့နယ်တို့မှာ ယာဉ်တိုက်မှုတွေဖြစ်လို့ နှစ်ဦးသေဆုံးပြီး ကလေး နှစ်ဦးအပါအဝင် ငါးဦး ဒဏ်ရာရခဲ့ပါတယ်။

 

ဒါ့အပြင် ဇွန်လ ၂၂ နဲ့  ၂၃ ရက်‌တို့မှာလည်း ရွှေပြည်သာနဲ့ သင်္ဃန်းကျွန်းမြို့နယ်တို့မှာ ယာဉ်တိုက်မှုတွေဖြစ်လို့ အမျိုးသားတစ်ဦးသေဆုံးပြီး၊ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ပါသေးတယ်။

 

 

ဓာတ်ပုံ – သာကေတမြို့နယ်လူမှုကူညီရေးအသင်း၊ လောကအလင်း လူမှုကူညီရေးအသင်း