မြဝတီ အမှတ် (၁) တံတားတွင် UID လက်မှတ်မပါရှိပါက ထိုင်းဘက်သို့ ပြန်လည်ဝင်ရောက်ခွင့် မပြုသဖြင့် တံတားကူးလက်မှတ် ကိုင်ဆောင်သူများ အခက်ကြုံနေ

Author လင်းနွေဦး
Categories
Published on May 03, 2024

ကရင်ပြည်၊ ထိုင်း-မြန်မာနယ်စပ် မြဝတီ-မဲဆောက်သို့ ကူးသန်းသွားလာနိုင်သည့် ချစ်ကြည်ရေးတံတား အမှတ်(၁) တွင် ယနေ့ မေ ၃ ရက်နေ့ မနက်ပိုင်းမှ စတင်ကာ UID လက်မှတ် မပါရှိပါက ထိုင်းဘက်ခြမ်းသို့ ပြန်လည်ဝင်ရောက်ခွင့် မပြုတော့ကြောင်း တံတားကူးလက်မှတ် သွားရောက် သက်တမ်းတိုးသူများထံမှ စုံစမ်းသိရှိရသည်။

 

စစ်ကောင်စီလက်အောက်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (လ.ဝ.က)မှ ထုတ်ပြန်ခဲ့သော ကြေညာချက်အတွင်း မေလ (၁) ရက်နေ့မှ စတင်ကာ Unique Identification Number(UID) ခေါ် Smart Card ပါရှိမှသာ နယ်စပ်ဖြတ်ကျော်ကာ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ပြန်လည်ဖြတ်သန်းခွင့်ပြုသောကြောင့် တံတားကူးလက်မှတ်ဖြင့် ထိုင်းနိုင်ငံ မဲဆောက်ဘက်ခြမ်းတွင် နေထိုင်သူများ အခက်ကြုံနေရကြောင်း ကိုယ်တိုင်သွားရောက်ခဲ့သူ တစ်ဦးမှ ဆိုသည်။

 

“Smart Card မလုပ်ရင် ထိုင်းဘက်ပေးမဖြတ်တော့ဘူး။ သွားတန်းစီတော့လည်း ချက်ချင်းမရဘူး။ စောင့်ရတာလည်း အကြာကြီးပဲ။ အဲ့ကဒ် ပြန်လုပ်ပြီးမှ ထိုင်းဘက်ပြန်သွားလို့ရမယ်။ ပြောရရင်ဗျာ အဲ့ကဒ်လုပ်ပြီးမှ တံတားကူးလက်မှတ်ကို အစအဆုံးပြန်လုပ်ပြီးမှ ထိုင်းဘက်ပြန်သွားလို့ရမှာ”ဟု ကိုယ်တိုင် သက်တမ်းသွားရောက်တိုးခဲ့သည့် တံတားကူးလက်မှတ်ကိုင်ဆောင်ထားသူမှ CJ Platform သို့ပြောသည်။

 

၎င်းသွားရောက်ခဲ့သည့် အတွေ့အကြုံအရ (၇)ရက် သက်တမ်းရှိ တံတားကူး လက်မှတ် သက်တမ်းတိုးရာတွင် လုပ်ငန်းစဉ်များမှာ ကြာမြင့်ခြင်းမရှိဘဲ နာရီပိုင်းအတွင်း ပြီးဆုံးကြောင်း၊ ယမန်နေ့များတွင်လည်း အဆင်ပြေစွာ သက်တမ်းတိုး၍ ရသဖြင့် ယနေ့ မနက်ပိုင်းတွင် သက်တမ်းတိုးသွားရောက်ခဲ့ရာတွင် လ.ဝ.က ရုံး ရှေ့တွင် UID ပြုလုပ်မှ သာ ထိုင်းဘက်သို့ပေးပြန်မည်ဟု ပြောဆိုမှုများ ရှိကြောင်း၊ UID ပြုလုပ်ရန်အတွက်လည်း တန်းစီစောင့်ဆိုင်းရပြီး ချက်ချင်းမရရှိသဖြင့် စောင့်ဆိုင်းသူ လူအရေအတွက်မှာ ရာချီရှိကြောင်း CJ Platform သို့ပြောသည်။

 

“UID လုပ်ရမယ်ဆိုတော့လည်း လုပ်ပေါ့လေ။ အဲ့မှာ မြန်မာဘက်ခြမ်း တံတားထိပ်မှာတင် UID ဖြည့်ဖို့ ပုံစံစာရွက်ကို တစ်ရွက် မြန်မာငွေ တစ်ရာ ပေးဝယ်ပြီး လ.ဝ.က ရုံးရှေ့မှာ တန်းစီရတယ်။ အဲ့မှာ စလစ်လို စာရွက် ရမယ်။ ဒါပေမဲ့ UID ကဒ်အတွက်က ပြန်လာယူဖို့ ရက်ချိန်းပေးမယ်။ အဲ့စလစ်မှာ သူတို့ထုပေးတဲ့ တံဆိပ်တုံး ပါမှ ထိုင်းဘတ် ပြန်ဝင်လို့ရမှာလေ။ ဒါပေမဲ့ အဲ့ ရက်ချိန်းစလစ်မှာလည်း တုံးထုမပေးတော့ အကုန်ပြန်လို့မရဘူး ။ မြဝတီမှာ သောင်တင်နေကြတယ်” ဟု အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးမှ CJ Platform သို့ပြောသည်။

 

UID အချိန်မီ မရရှိသဖြင့် ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေသူအချို့မှာ တရားမဝင် ပြန်လည်ဝင်ရောက်လာရသည်များ ရှိနေပြီး အချို့မှာ မြဝတီမြို့ပေါ်တွင် အဆင်ပြေရာ ဘုန်းကြီးကျောင်း၊ တည်းခိုခန်းများတွင် နေထိုင်ကာ စောင့်ဆိုင်းနေရသည် ဟု ၎င်း၏ ပြောကြားချက်အရသိရသည်။

 

စစ်ကောင်စီမှ မေလ ၁ရက်နေ့တွင် အမျိုးသားများ ပြည်ပသို့ ထွက်ခွာအလုပ် လုပ်ခွင့်ကို ပိတ်ပင်တားမြစ်လိုက်ကြောင်း စစ်ကောင်စီခန့် အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က အတည်ပြုပြောကြားခဲ့ပြီးနောက် ယခုကဲ့သို့ နယ်စပ်ဒေသများရှိ လူအဝင်အထွက်များ တင်းကြပ်ကာ အလုံးအရင်းဖြင့် လူသစ်ခေါ်နိုင်ရန်ပြင်ဆင်နေသည့် စစ်မှုထမ်းဥပဒေ ကြောင့် ဖြစ်နိုင်သည်ဟု ဒေသခံများနှင့် နိုင်ငံရေးကျွမ်းကျင်သူများမှ သုံးသပ်ပြောဆိုကြသည်။

 

ပုံစာညွှန်း – မြဝတီမြို့ လဝကရုံးရှေ့တွင် UID လျှောက်ထားရန် တန်းစီစောင့်ဆိုင်းနေသူများအား မြင်ရပုံ