ကရင်နီပြည်မှာ တစ်နှစ်အတွင်း စစ်ကောင်စီကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သား ၁၀၆ ဦးထက်မနည်းသေဆုံး
ကရင်နီပြည်မှာ ၂၀၂၄ခုနှစ်တွင်း စစ်ကောင်စီကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သား ၁၀၆ဦး ထက်မနည်း သေဆုံးခဲ့ရကာ ၄၅၀ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီက ဒီကနေ့မှာ ထုတ်ပြန်လာပါတယ်။
တစ်နှစ်အတွင်း ကရင်နီပြည်မှာ စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်မှု အနည်းဆုံး ၁၀၈ ခုရှိခဲ့ပြီး ဆိုထားပြီး လေကြောင်းကနေတိုက်ခိုက်မှု ၂၅ခု၊ Drop ဗုံးကြဲမှုဖြစ်စဉ် ၁၁ခု၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှု ၄၆ခု၊ ဖမ်းဆီးသတ်ဖြတ်ခြင်းနဲ့ မြေမြှုပ်မိုင်းကြောင့် သေဆုံးဒဏ်ရာရဖြစ်စဉ် ၂၆ခုထက်မနည်း ကျူးလွန်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အရပ်သားသေဆုံးမှုဖြစ်စဉ်အတွင်းမှာ အမျိုးသား ၄၁ ဦးကျော်၊ အမျိုးသမီး ၂၆ ဦးကျော်နဲ့ ကလေးငယ် ၃၆ ဦးကျော်၊ ကျားမခွဲခြားလို့မရတဲ့ သေဆုံးသူ ၃ဦးကျော်ထိ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၁ ရက်နေ့က ဖယ်ခုံမြို့နယ် ပူချယ်ကျေးရွာက ကောက်ရိတ်သိမ်းပြီး ပြန်လာတဲ့ အရပ်သား၂၀၀ ဦးခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့ဖြစ်စဉ်ရှိခဲ့ပြီး မေလ ၁၂ ရက်နေ့မှာ လွိုင်လင်လေးကျေးရွာက အရပ်သား ၃၈ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဖြစ်စဉ်တွေရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒီအစီရင်ခံစာဟာ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC နဲ့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ KnHRG တို့ စောင့်ကြည့်လေ့လာမှတ်တမ်းတင်ထားတဲ့ အချက်အလက်တွေအပေါ်မှာ အခြေခံပြီး ပူးပေါင်း ပြုစုရေးသားထားတာဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – မိုးဗြဲPDF
ပုံစာ – ဘန်ကောက်စစ်ဘေးရှောင်စခန်းဗုံးကြဲတိုက်ခိုက်ခံရစဉ် ပုံဟောင်း