တောင်ဥက္ကလာ မြဝတီဘဏ် စစ်တပ်ဘန်ကာ ဗုံးနဲ့တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားတွေ လုံခြုံရေးလာမပေးတော့

Author ကိုထက်
Categories
Published on May 30, 2024

ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ် ဝေဇယန္တာလမ်းမက စစ်တပ်ပိုင် မြဝတီဘဏ်ကိုလုံခြုံရေးပေးနေတဲ့ စစ်တပ်ဘန်ကာထဲကို မနေ့ မေလ ၂၉ ရက် ညပိုင်းက ဗုံးပစ်သွင်းတိုက်ခိုက်ခဲ့တယ်လို့ Yangon Army အဖွဲ့က ထုတ်ပြန်ပါတယ်။

 

အဲဒီလိုတိုက်ခိုက်ခံရပြီးနောက် ဒီနေ့ မေလ ၃၀ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေလာစောင့်တာမျိုးမတွေ့ရဘူးလို့ အဲဒီဘဏ်အနီးနေထိုင်သူတွေက ပြောပါတယ်။

 

အဲဒီတိုက်ခိုက်မှုကြောင့် ဘန်ကာထဲက ကင်းစောင့်နေတဲ့ စစ်သားနှစ်ဦး ထိခိုက်သေဆုံးတာရှိနိုင်တယ်လို့ အဲဒီနေရာအနီး နေထိုင်သူတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

“ဗုံးပစ်သွင်းခံရတာဟုတ်တယ်။ ည ၇ နာရီထိုးခါနီးတုန်းကဖြစ်တာ။ အထဲမှာက အမြဲစစ်သားနှစ်ယောက်လောက်‌ စောင့်နေတာလေ။ ဗုံးပေါက်ပြီး နည်းနည်းကြာတော့ စစ်တပ်က ကားတွေရော၊ လူနာတင်ကားလည်းရောက်လာတယ်။ အထဲက နှစ်ယောက် ထိခိုက်သေဆုံးတာမျိုးရှိနိုင်လို့ပေါ့” လို့ သူက ပြောပါတယ်။

 

တိုက်ခိုက်မှုဖြစ်အပြီး စစ်ကောင်စီတပ်သားတွေက လမ်းပိတ်ဆို့ စစ်ဆေးတာတွေလုပ်ခဲ့ပေမဲ့ ဒီနေ့ မနက်ပိုင်းမှာတော့ စစ်ကောင်စီတပ်သား လုံခြုံရေးလာစောင့်တာမျိုး မတွေ့ရဘူးလို့ အဲဒီနေရာအနီးနေထိုင်သူတွေက ပြောပါတယ်။

 

ရန်ကုန်မှာ စစ်ကောင်စီရဲ့စီးပွားရေးဒေါက်တိုင်တွေဖြစ်တဲ့ ဆက်သွယ်ရေးကုမ္ပဏီ My tel ရုံးချုပ်၊ မြဝတီဘဏ်စတဲ့နေရာတွေဟာ မကြာခဏဆိုသလို ဗုံးခွဲတိုက်ခိုက်ရမှုတွေ ရှိနေတာပါ။

 

ဒီနှစ် ၂၀၂၄ နှစ်ဆန်းပိုင်းတုန်းကလည်း ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းမပေါ်က My tel ရုံးချုပ် ဂိတ်ဝ ဗုံးပစ်တိုက်ခိုက်ခံခဲ့ရတဲ့အတွက် စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးခဲ့ပါသေးတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

ပုံစာ – ဗုံးပစ်တိုက်ခိုက်ခံရတဲ့ တောင်ဥက္ကလာပက မြဝတီဘဏ်