သဲကုန်းမှာ သစ်ပင်စိုက်ပွဲလာတဲ့ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်လို့ သုံးဦးသေဆုံး၊ အများအပြားဒဏ်ရာရလို့ဆို

Published on Jun 29, 2024

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့၊ ဇီးကုန်းကျေးရွာအနီး စစ်တပ်ပြုလုပ်မယ့် သစ်ပင်စိုက်ပွဲဆီ စစ်ကောင်စီလက်အောက်ခံတွေလိုက်ပါလာတဲ့ ယာဉ်တန်းကို ဇွန်လ ၂၇ ရက်နေ့ မနက်ပိုင်းက တိုက်ခိုက်ခဲ့ရာမှာ သုံးဦးသေဆုံးပြီး အများအပြားဒဏ်ရာရတယ်လို့ ၃၆၀၁ PPDF တပ်ရင်းက ထုတ်ပြန်ပါတယ်။

 

စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သား၊ ရဲ၊ ထွေအုပ်၊ စည်ပင်နဲ့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့အတူ အင်အား ၃၀ ခန့်ဟာ သဲကုန်းမြို့ ထွေအုပ်ရုံးကနေ ကားသေး ရှစ်စီးနဲ့ လာရောက်ချိန် ကြိုထောင်ထားတဲ့ ပတ်လည်မိုင်းကြီးတစ်လုံးနဲ့ အဲဒီနေ့ မနက် ၉ နာရီခန့်မှာ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ၃၆၀၁ PPDF တပ်ရင်းရဲ့ သတင်းပြန်ကြားတာဝန်ခံက CJ Platform ကို ပြောပါတယ်။

 

“ဘယ်ရွာက အုပ်ချုပ်ရေးမှူးတွေပါလဲတော့ သီးခြား မသိဘူး။ ဘာလို့လဲဆိုတော့ သူတို့က စထွက်လာကတည်းက သဲကုန်းထွေအုပ်ရုံးထဲကနေ စထွက်လာတာ။ ကားအတန်းလိုက်ကြီးနဲ့။ သုံးဦးသေတယ်လို့ သတင်းရတယ်။ ဆက်လက်စုံစမ်းနေတုန်းပဲ” လို့ ၎င်းက ပြောပါတယ်။

 

အဲဒီယာဉ်တန်းဟာ မနက် ၁၀ နာရီခန့်မှာ သေဆုံး၊ ဒဏ်ရာရသူတွေနဲ့အတူ ရွှေတောင် ကုတင် ၁၀ဝ စစ်ဆေးရုံကို ခေါ်ဆောင်သွားတယ်လို့ ၎င်းက ဆိုပါတယ်။

 

အဲဒီလို တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဇီးကုန်းကျေးရွာနားမှာ ဇွန် ၂၇ ရက်ထဲ အစစ်အဆေးတင်းကျပ်ခဲ့ပြီး VPN တွေနဲ့ ဆိုင်ကယ်လိုင်စင်တွေကိုပါ စစ်ဆေးနေတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – MOI