ဧရာဝတီတိုင်းမှာ ကွမ်းစျေးနှုန်း အဆမတန်ကျဆင်းနေတာကြောင့်  တောင်သူတွေ အရှုံးပေါ်နေ

Author CJ Platform
Categories
Published on Feb 28, 2025

ဧရာဝတီတိုင်းရှိ ကွမ်းစိုက်တောင်သူတွေအနေနဲ့ ကွမ်းရွက်ဈေးနှုန်းကျဆင်းနေတာကြောင့် အရင်နှစ်နဲ့မတူပဲ ဒီနှစ်မှာတော့ အရှုံးပေါ်နေတယ်လို့ ကွမ်းစိုက်တောင်သူတွေကဆီကနေ သိရပါတယ်။

 

ကွမ်းစိုက်တောင်သူတွေအနေနဲ့ ကွမ်းအထွက်နှုန်းလည်းမကောင်းတော့သလို့ နယ်တင်တဲ့ ကွမ်းတွေလည်း မရှိသလောက်နည်းပါးတာကြောင့်  ကွမ်းဈေးနှုန်းတွေ အဆမတန်ထိုးကျနေပြီး အရှုံးပေါ်နေရတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

 

“ ဒီဈေးတွေနဲ့က အရှုံးပေါ်နေတာ။ အစာလဲသိပ်မကျွေးနိုင်ကြတော့ဘူးဆိုတော့ အခုကပိုဆိုးနေတာ။ အထွက်နှုန်းတွေလည်း မကောင်းတော့ဘူး” လို့ ပန်းတနော်မြို့နယ်က ကွမ်းစိုက်တောင်သူ အမျိုးသမီးတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

နွေရာသီကွမ်းဈေးကွက်ဟာ ပျက်စီးနေပြီဖြစ်ပြီး ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလလယ်လောက်က စတင်ကာ ဈေးနှုန်းတွေ ကျဆင်းလာတာဖြစ်ပြီး အခုဆိုရင် ထိပ်စရှယ်ကွမ်း တစ်ပိဿာကို ၁၂၀၀၀ ကျပ် သာရှိတော့တယ်လို့ သိရပါတယ်။

 

နယ်စုံမှာ ကွမ်းစိုက်တောင်သူတွေ များပြားနေတဲ့အပြင် ကွမ်းဈေးကွက်ထဲ ဝယ်လိုအားနည်းပြီး ရောင်းလိုအား များပြားနေတာကြောင့် အခုလို ဈေးနှုန်းတွေ ကျဆင်းနေတာဖြစ်တယ်လို့ ရန်ကုန်က ကွမ်းကုန်စည်ဒိုင်တစ်ခုက CJ Platform ကိုပြောပါတယ်။

 

“ ပန်းတနော်၊ ညောင်တုန်းကွမ်းက ရန်ကုန်မြို့ထဲတင်ဖြုန်းလို့ရတယ်၊ ကွမ်းတွေကို ကရင်၊ မြဝတီဘက်ပို့ရတာရှိတယ်၊ ကွမ်းကြမ်းက ရခိုင်ဘက်က အများဆုံးယူတာဆိုတာ ခုလိုခေတ်ကြီးမှာ ဘယ်လိုပို့မလဲ ပို့လို့ အဆင်မပြေတော့ဘူး” လို့ ရန်ကုန်ကွမ်းဒိုင်က ပြောပါတယ်။

 

ရန်ကုန်-ပုသိမ် ကားလမ်းတွေလည်း အကန့်အသတ်နဲ့ ပို့ဆောင်နေရတာတွေရှိပြီး အနောက်ဘက် ကားလမ်းတွေလည်းပိတ်ထားတာကြောင့် ရောင်းသူသာရှိပြီး ဝယ်သူမရှိဖြစ်နေတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

 

စစ်ကောင်စီဟာ ဧရာဝတီတိုင်းအတွင်းမှာရှိတဲ့ မြို့နယ်တွေမှာ ကုန်တင်ယာဉ်တွေကို ချောဆွဲကာ အလှည့်ကျစနစ်နဲ့ အနည်းဆုံးနှစ်စီး ထားပေးရမယ်လို့ စေခိုင်းထားပြီး မလုပ်ဆောင်တဲ့ မြို့နယ်က ကုန်ကားတွေကို ရပ်နားခိုင်းတယ်လို့လည်း စုံစမ်းသိရှိရပါတယ်။

 

လက်ရှိမှာတော့ ဧရာဝတီတိုင်းက ကွမ်းစိုက်တောင်သူတွေအနေနဲ့ အရင်းပင်မရ အရှုံးပေါ်နေတာကြောင့် ငွေချေးငှားပြီး စိုက်ပျိုးထားသူတွေ အဆင်မပြေမှုများစွာ ဖြစ်နေရတယ်လို့ ကွမ်းစိုက်တောင်သူတချို့ရဲ့ ပြောဆိုချက်အရ သိရပါတယ်။

 

ကွမ်းဈေးကွက်အတွင်း ဒီဇင်ဘာလလယ်လောက်က ရိုးညို၊ ရိုးစိမ်း ယာရှယ်(ထိပ်စ)ခေါ် ယာကွမ်း တစ်ပိဿာကို ၃၃၀၀၀ ကနေ ယခုအခါ ၁၂၀၀၀ ခန့်ကိုကျဆင်းခဲ့သလို ထိုင်ဝမ် ရိုးနီလို့ခေါ်တဲ့ အနိမ့်တန်းမှာ ယာရှယ်(ထိပ်စ)ခေါ် ယာကွမ်း တစ်ပိဿာကို အရင် ၂၈၀၀၀ ကနေ ယခုအခါ ၁၂၀၀၀ ကျပ်ခန့်သာရှိပြီး ပယ်ကွမ်းတွေဖြစ်တဲ့ ယာလိမ်နဲ့ ယာကြမ်း တစ်ပိဿာကို အရင် ၁၄,၀၀၀၊ ၁၂,၀၀၀ ကျပ်ကနေ အခုအခါ ကွမ်းရွက်ပေါ်မူတည်ပြီး ၂၀၀၀၊ ၃၀၀၀၊ ၄၀၀၀ ကျပ်လောက်သာရှိတော့တယ်လို့ စုံစမ်းသိရှိရပါတယ်။

 

ဧရာဝတီတိုင်းထဲ အာရက္ခတပ်တော် AA / PDF ပူးပေါင်းတပ်တွေက ဧရာဝတီတိုင်းထဲ ထိုးစစ်စတင်လာတဲ့ အချိန်ကစလို့ ကုန်တင်ပို့မှုအခက်တွေကြောင့် တစ်စ တစ်စ ဈေးနှုန်းတွေ ကျဆင်းလာတာဖြစ်ပြီး ဈေးနှုန်းပြန်တက်လာနိုင်မယ့် အခြေအနေမရှိသေးဘူးလို့ ကွမ်းဈေးကွက်ထဲ ကွမ်းရောင်းသူတွေက သုံးသပ်နေကြပါတယ်။

 

#