Author ခေတ်နီ
Categories
Published on Nov 02, 2022

ကရင်နီပြည် လွိုင်ကော်ခရိုင်အတွင်းရှိ ကျေးရွာတချို့အား စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ် ခဲ့တာကြောင့် နေအိမ်တချို့ပျက်စီးကာ အရပ် သား ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီပြည် အတွင်း စစ်ဘေးရှောင်များအား ကျန်းမာရေးကူညီစောင့်ရှောက်မှုပေးနေသူ တချို့ထံမှ သိရသည်။

လွိုင်ကော်ခရိုင်အတွင်းရှိ ထီးစဲခါးကျေးရွာအုပ်စုမှ လင်ဖုံကြီးနှင့် ဝမ်ပန်ကျေးရွာတို့ကိုယမန်နေ့ မနက်ပိုင်းတွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့တာကြောင့် အဆိုပါ ကျေးရွာအတွင်းရှိ လူနေအိမ်တချို့ လက်နက်ကြီးထိမှန်ပျက်စီးကာ အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာပဲ ဖြစ်သည်။

“ပြည်သူ လေးယောက်ထိတယ် အသက်ဆုံးရှုံးတာတော့ မကြားသေးဖူးပေါ့နော်”ဟု ကရင်နီပြည်အတွင်း စစ်ဘေးရှောင်များကို ဆေးဝါးကုသမှုပေးနေသည့် ဆရာမတစ်ဦးမှ CJ Platform သို့ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးထိမှန်မှုကြောင့် လယ်ထွဲကျေးရွာနှင့် ကယန်းသာယာကျေးရွာများမှ နေအိမ်တချို့ပျက်စီးခဲ့သေးကြောင်းလဲ သိရသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီးထိမှန်မှုများကြောင့် ပြီးခဲ့သည့် အောက်တိုဘာလ တစ်လအတွင်း အရပ်သား ၁၃ ဦးထိခိုက်ဒဏ်ရာရရှိကာ ကလေးငယ်တစ်ဦးအပါအဝင် ၃ ဦးသေဆုံးခဲ့ရသည်။