ပုလဲမြို့နယ်မှာလူဦးရေ တစ်သောင်းခွဲခန့် အရေးပေါ်အကူညီလိုအပ်

Author ညိမ်း
Categories
Published on Nov 27, 2024

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်မှာ အခုနိုဝင်ဘာလအတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ တစ်သောင်းခွဲခန့် စစ်ရှောင်နေရပြီး လက်ရှိမှာ အရေးပေါ်အကူအညီလိုအပ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဒီကနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ထုတ်ပြန်အသိပေးပါတယ်။

 

စစ်ကောင်စီဘက်က လေကြောင်းကနေတဆင့် ပစ်ခတ်တိုက်ခိုက်တာတွေ၊ ‌ပြည်သူလူထုပိုင် နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းသူတွေ‌အပါအဝင် ဒေသတွင်းရှိ ကျေးရွာ (၂၂) ရွာက ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာပါ။

 

အဲဒီက စစ်ဘေးရှောင်တွေဟာ  လတ်တလောမှာ အရေးပေါ် အကူအညီအဖြစ် စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ သိရှိရပါတယ်။

 

NUG အစိုးရရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ပုလဲမြို့နယ်၊ ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်တွေကို ရောက်ရှိနေတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို  အရေးပေါ် စားနပ်ရိက္ခာနဲ့ အမိုးအကာတွေ လက်တလောမှာ ဖြန့်ဝေထောက်ပံ့ထားတယ်လို့ ထုတ်ပြန်ချက်မှာရေးသားဖော်ပြထားပါတယ်။

 

အခု နိုဝင်ဘာလ ၂၅ ရက်နေ့နဲ့ ၂၆ ရက်နေ့မှာ G7 စက်မှုထိပ်သီး ခုနှစ်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေဟာ အီတလီနိုင်ငံမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး သူတို့ရဲ့ ပူးတွဲထုတ်ပြန်ချက်ထဲမှာတော့ မြန်မာနိုင်ငံတွင်း အရပ်သားတွေကို ထိခိုက်မှုဖြစ်စေတဲ့ လေကြောင်းတိုက်ခိုက်မှုအပါအဝင် အကြမ်းဖက်မှုအားလုံး ရပ်တန့်ဖို့ အသိပေးထားပါတယ်။

 

ဓာတ်ပုံ – NUG

 

ပုံစာ – စစ်ဘေးရှောင်ပြည်သူတွေထံ စားနပ်ရိက္ခာနဲ့ အမိုးအကာထောက်ပံ့မှုပြုလုပ်နေစဉ်