ဒီနေ့မနက်တွေ့ရတဲ့ ကျောက်မဲမြို့ပေါ် မြင်ကွင်းများ

Author ကိုထားဝယ်
Categories
Published on Jun 26, 2024

စစ်ကောင်စီတပ်တွေနဲ့ တအောင်းတပ် TNLA တို့ကြား တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရှမ်းမြောက်၊ ကျောက်မဲမြို့တွင်း မြင်ကွင်းတွေကို အဲဒီက လူမှုကူညီရေးအသင်းတာဝန်ရှိသူတစ်ဦးမှ ဒီနေ့မနက် အစောပိုင်းမှာ ရိုက်ကူးထားတာဖြစ်ပါတယ်။

 

အဲဒီရုပ်သံမှတ်တမ်းထဲ စစ်ရိပ်စစ်ငွေ့တွေကြောင့် မြို့ပေါ်အဓိကလမ်းမကြီးတွေပေါ် လူသူကင်းမဲ့နေသလို ဈေးဆိုင်နဲ့ လူနေအိမ်တွေ အားလုံးနီးပါး ပိတ်ထားတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

 

မနေ့ ဇွန်လ ၂၅ ရက်ကျောက်မဲမြို့ပေါ်တိုက်ပွဲထဲ လက်နက်ကြီးကြောင့် အရပ်သား သုံးဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

ဒီနေ့မနက်အစောပိုင်းမှာလည်း ကျောက်မဲမြို့မှာ စစ်ကောင်စီ အမြောက်တပ်ကုန်း အမှတ် (၃၅၂) အမြောက်တပ်ရင်းနဲ့ စခန်းသာတို့မှာ တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့ တအောင်းတပ် TNLA ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

 

“ရွာဘက်တွေတော့ ဒီနေ့မဖြစ်ဘူး။ ငြိမ်နေတယ်။ ပလောင်(TNLA)တွေက အပြင်ပေးမထွက်ဘူး” လို့ ကျောက်မြို့နယ်ထဲက ရွာတစ်ရွာမှ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

စစ်ကောင်စီတပ်ဖွဲ့တွေဟာ တရုတ်ကြားဝင်စေ့စပ်ပေးခဲ့တဲ့ ဟိုင်ဂင်သဘောတူညီမှုကိုဖောက်ဖျက်ပြီး

ရှမ်းမြောက်က TNLA ထိန်းချုပ်နေရာတွေကို စစ်ကောင်စီဘက်က စတင်ပစ်ခတ်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီးနောက် မနေ့ ဇွန် ၂၅ ရက်နေ့မှာ ကျောက်မဲမြို့ပေါ်အပါအဝင် နောင်ချိုမြို့တို့မှာ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ စတင်လာခဲ့တာဖြစ်ပါတယ်။

 

ဒါ့အပြင် ရှမ်းမြောက်နဲ့ ထိစပ်နေတဲ့ မန္တလေးတိုင်း၊ မတ္တရာနဲ့ မိုးကုတ်မြို့နယ်တွေမှာလည်း မန္တလေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Mdy PDF)နဲ့ စစ်ကောင်စီတို့ကြား မနေ့ကစပြီး တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

 

ရုပ်သံ – Thaungpaw Tharlay