ဘေးကင်းရိပ်မြုံအစီအစဉ်နဲ့ ကလေးမြို့မှာ ဗုံးခိုကျင်းတူးကာ ဘေးအန္တရာယ် လျော့ကျရေးဇာတ်တိုက် လေ့ကျင့်
စစ်ကိုင်းတိုင်း ကလေးမြို့နယ်အတွင်း ဘေးကင်းရိပ်မြုံအစီအစဉ်အဖြစ် ဗုံးခိုကျင်းများတူးပေးပြီး ဘေးအန္တရာယ် လျော့ကျရေးအတွက် ဇာတ်တိုက် လေ့ကျင့်ပေးမှုတွေ ပြုလုပ်ပေးနေတယ်လို့ Mobile Medical Team-West Division ရဲ့ သတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။
ကလေးမြို့နယ်အတွင်းရှိ ကျေးရွာတွေနဲ့ NUG မြေပြင်စာသင် ကျောင်းတွေကို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကာကွယ်နိုင်ဖို့ ဘေးကင်းရိပ်မြုံအစီအစဉ်ကို ဆောင်ရွက်တာဖြစ်တယ်လို့ သိရပါတယ်။
“ မြို့ပေါ်မှာတော့ အခြေအနေမဆိုးဘူးဆိုပေမဲ့ တောင်ပိုင်းရွာနဲ့ မြောက်ပိုင်းရွာတွေမှာ မကောင်းပါဘူး။ အခုလို လုပ်ပေးတာ အရမ်းကောင်းတဲ့ အစီအစဉ်တစ်ခုပါပဲ “ လို့ ကလေးမြို့ပေါ်ရှိ အမျိုးသမီးတစ်ဦးက CJ Platform ကိုမှတ်ချက်ပြုပြောကြားပါတယ်။
ကလေးမြို့ရဲ့ တောင်ဘက်ကျေးရွာတွေနဲ့ မြောက်ဘက်ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းကနေ မကြာခဏ ဗုံးကြဲတိုက်ခိုက်နေတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
ကလေးမြို့ပေါ်မှာလည်း စစ်ဘေးရှောင်တွေ ရောက်ရှိနေပြီး အများစုက ဘုန်းကြီးကျောင်းတွေမှာ တည်းခိုနေထိုင်ကြကာ ငွေကြေးအဆင်ပြေသူတွေကတော့ အိမ်ငှားနေထိုင်ကြတာတွေရှိတယ်လို့ စုံစမ်းသိရှိရပါတယ်။
ကလေးမြို့ပေါ်မှာတော့ ကလေးမြို့ဝန်းကျင်ကျေးရွာတွေက သူတွေ စစ်ဘေးရှောင်နေကြတာ ရှိသလို ချင်းပြည်ဘက်က စစ်ဘေးရှောင်တွေလည်း အများအပြားရောက်ရှိနေတယ်လို့ ကလေးမြို့ခံတစ်ဦးရဲ့ ပြောပြချက်အရ သိရတဲ့အပြင် ကလေးမြို့နယ်အတွင်းက ကျေးရွာတွေမှာလည်း စစ်ဘေးရှောင်တွေ အများအပြားရှိနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းရန်ကာကွယ်နိုင်ဖို့ ကျေးရွာတွေက စစ်ရှောင်တွေကို ဗုံးခိုကျင်းပြုလုပ်ဖို့ ငွေကြေးထောက်ပံ့တာနဲ့ အသိပညာပေးတာတွေ အပြင် ဇတ်တိုက်လေ့ကျင့်မှုတွေ ပြုလုပ်ပေးနေတာ ဖြစ်တယ်လို့ Mobile Medical Team-West Division က ထုတ်ပြန်ထားတာပါ။
ဘေးကင်းရိပ်မြုံအစီအစဉ်ကို Mobile Medical Team-West Divisionနဲ့အတူ ကလေးမြို့နယ် ပကဖ၊ ပအဖ၊ ဖက်ဒရယ်ပညာရေး ဘုတ်အဖွဲ့ (အခြေခံ)နဲ့ သက်မွေးပညာကော်မတီ (ကလေးခရိုင်) တို့ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်တယ် လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ဓာတ်ပုံ – Mobile Medical Team-West Division