စစ်တပ်ထောက်ခံသူ အုပ်ချုပ်ရေးမှူးဟောင်းရဲ့ KTV ကို စစ်ကောင်စီက ဝင်ဖမ်း၊ အဆိုမယ်တွေပါ အဖမ်းခံရ

ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ် တာကွေ့ကျေးရွာအနီးရှိ စစ်တပ်ထောက်ခံသူ ယခင်အုပ်ချုပ်ရေးမှူး ဟောင်း ဖွင့်လှစ်ထားတဲ့ KTV ကို စစ်ကောင်စီက ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့ညက ဝင်ရောက်ဖမ်းဆီး သွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
စစ်ကောင်စီရဲ့ တိုင်းရဲတပ်ဖွဲ့က အုပ်ချုပ်ရေးမှူးဟောင်း အပိုင် စတားဝမ်း KTV ကို ဝင်ရောက် ဖမ်းဆီးသွားတာဖြစ်ပြီး ဖမ်းဆီးစဉ် အယောက် ၄၀ လောက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကာ အဲဒီအထဲ KTV က အဆိုမယ်တွေပါ ဖမ်းဆီးခံရတာဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။
“ အခုက တိုင်းကဝင်ဖမ်းတာ အချုပ်ကားတွေပါပါတယ်။ ဆေး သုံးတာတို့ မာဆတ်သမားတို့ တော့ပြန်မလွှတ်ဘူး၊ ရိုးရိုးသီချင်းဆိုတာတော့ ပြန်လွှတ်ပေးတယ်” လို့ ဒီအကြောင်းသိရှိသူ ဒေသခံအမျိုးသမီး တစ်ဦးက CJ Platform ကိုပြောပါတယ်။
မူးယစ်ဆေးနဲ့ မူးယစ်ဆေးသုံးစွဲရာမှာ အသုံးပြုတဲ့ ပစ္စည်းအချို့လည်း သိမ်းဆည်းသွားတယ်လို့ သူမက ဆက်ပြောပါတယ်။
ယခင်က အုပ်ချုပ်ရေးမှူးဟောင်းဖြစ်ခဲ့သူ ကိုနိုင်ရဲ့ KTV ကိုဝင်ရောက်ရှာဖွေတာတွေရှိခဲ့ပြီး ထိုအချိန်က နယ်မြေအပိုင် ချောင်းကြီးရဲစခန်းကနေ ကြိုတင်သတင်းပေးပို့ထားတာကြောင့် ဖမ်းဆီးမခံရပဲ အခုအခါ တိုင်းကလာရောက်ဖမ်းဆီးခဲ့တာကြောင့် ကြိုတင်သတင်းမရရှိပဲ ဖမ်းဆီးခံရတာဖြစ်တယ်လို့ ဒေသခံတစ်ဦးရဲ့ ပြောဆိုချက်အရ သိရပါတယ်။
“ အဲဒီမှာ မကောင်းတာ အကုန်ရတယ်လေ။ သူ့ကိုဖမ်းချင်နေတာ တော်ယုံတော့ မလွတ်လောက်ဘူး” လို့ ဒေသခံအမျိုးသားတစ်ဦးကလည်း CJ Platform ကို ပြောပါတယ်။
အုပ်ချုပ်ရေးမှူးဟောင်း ကိုနိုင်အပါအဝင် သူရဲ့ သမီးနဲ့ သမက်ဖြစ်သူကိုပါ စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
လက်ရှိမှာ စစ်တပ်ထောက်ခံသူ အုပ်ချုပ်ရေးမှူးဟောင်းကို ပြည့်တန်ဆာလုပ်ငန်းခေါင်းဆောင်အဖြစ် အမှုဖွင့်ထားသလို အဆိုမယ်အမျိုးသမီး ၄ ဦးကို ပြည်တန်ဆာမှုနဲ့ ချောင်းကြီးရဲစခန်းမှာ အမှုဖွင့် အရေးယူထားတယ်လို့ စုံစမ်းသိရှိရပါတယ်။
ဓာတ်ပုံ – ရွှေဒုံးမြေ
ပုံစာ – အုပ်ချုပ်ရေးမှူးဟောင်း ကိုနိုင်ရဲ့ KTV အရှေ့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် သင်္ကြန်မှာတွေ့ရစဉ်