ဝင်းနိမ္မိတာရုံဆရာတော် ပစ်ခတ်ခံရမှု မြေပြင်ပြန်လည်စစ်ဆေးအရေးယူမယ်လို့ စစ်ကောင်စီဆို

Author ကိုထားဝယ်
Categories
Published on Jun 21, 2024

PDF ပစ်လို့ ပျံလွန်တော်မူတာလို့ လီဆယ်ထုတ်ပြန်ခဲ့ပေမဲ့ အဖြစ်မှန်ပေါ်ပေါက်လာခဲ့တဲ့ ပဲခူးမြို့က ဝင်းနိမ္မိတာရုံကျောင်း ဆရာတော်ပစ်ခတ်သတ်ခံရမှုကို မြေပြင်ပြန်လည်စစ်ဆေးအရေးယူတာတွေ ပြုလုပ်မယ်လို့ ဒီနေ့ ဇွန် ၂၁ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီက ပြန်လည်ထုတ်ပြန်လာပါတယ်။

 

ရန်ကုန်ကနေ မန္တလေးတံတားဦးလေဆိပ်ကို လေယာဉ်ဖြင့် ကြွလာတဲ့ ဝင်းနိမ္မိတာရုံကျောင်း ဆရာတော်ဘဒ္ဒန္တမုနိန္ဒာဘိဝံသနဲ့ ကန်သုံးဆင့်ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသတို့ဟာ ငါန်းဇွန်မြို့နယ်၊ ကမ္မရွာကို မော်တော်ကားဖြင့် ကြွချီချိန် လမ်းခုလတ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် ဝင်းနိမ္မိတာရုံ ဆရာတော် နေရာမှာတင် ပျံလွန်တော်မူခဲ့ရတာပါ။

 

ဒါ့အပြင် ကန်သုံးဆင့်ဆရာတော်လည်း ဒဏ်ရာတချို့ရရှိခဲ့သလို ယာဉ်မောင်းလည်း လက်သုံးချောင်းပြတ်ခြင်းနဲ့အတူ ထိမှန်ဒဏ်ရာတချို့ရခဲ့ပါတယ်။

 

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က ဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ ဇွန် ၁၉ ရက် ညနေပိုင်းမှာ PDF တပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့်လို့ စွပ်စွဲထုတ်ပြန်လာခဲ့ပါတယ်။

 

အဲဒီနောက် ဇွန် ၂၀ ရက်နေ့မှာ ကန်သုံးဆင့်ဆရာတော်ရဲ့ အဖြစ်မှန်မိန့်ကြားတဲ့ဗီဒီယိုတစ်ခု လူမှုကွန်ရက်စာမျက်နှာတွေပေါ် ပျံ့နှံ့လာခဲ့ပြီးနောက် စစ်ကောင်စီရဲ့ ကနဦးသတင်းထုတ်ပြန်ချက်နဲ့ ကွဲလွဲမှုတွေရှိနေတယ်ဆိုပြီး ဒီနေ့မှာ သတင်းထုတ်ပြန်လာခဲ့တာဖြစ်ပါတယ်။

 

ဒါကြောင့် ဖြစ်စဉ်မှန်ပေါ်ပေါက်ရေး လိုအပ်တဲ့စိစစ်ဖော်ထုတ်မှုတွေ ဆောင်ရွက်နေပြီး အမှန်သိရှိရပါက အရေးယူမှုတွေ ဆက်လက်ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

 

မနေ့က ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ကန်သုံးဆင့်ပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသရဲ့ ဖြစ်စဉ်အမှန်ရှင်းလင်းမိန့်ကြားခဲ့တဲ့အထဲ “သေနတ်နဲ့ ဝိုင်းပစ်ပါတယ်။ ကားမှာ ခုနစ်ချက်၊ ရှစ်ချက်လောက်မှန်ပါတယ်။ ဝင်းနိမ္မိတာ ဆရာတော်ကတော့ တစ်ဘဝ တစ်ခန္တာ ရုပ်သိမ်းသွားပါတယ်ဘုရား။ ခင်ဗျားတို့ ရက်စက်လှချည်လားဗျာ။ ဘုန်းကြီးတွေကို ဒီလောက်ရက်စက်ရသလား။ Faw ကားပေါ်ကလူတွေက ရှင်းရှင်းပြောရရင် စစ်ကူ၊ စစ်သားတွေပေါ့။ အရှင်ဘုရားတို့က ဘုန်းကြီးတွေမှန်းမသိလို့ပါ။ ကားတံခါးလည်း ပိတ်ထားတော့ ရန်သူကားဖြစ်မယ်ထင်ပြီးတော့ ပစ်​ပါတယ်ဘုရားတဲ့။ သူတို့ကိုယ်တိုင် ဝန်ခံပါတယ်” လို့ မိန့်ကြားသွားပါတယ်။

 

ဒါ့အပြင် ၎င်းတို့ကို မန္တလေး တပ်ဆေးရုံကြီးသို့ ခေါ်ဆောင်သွားခဲ့ပြီး ချက်ချင်းဆေးကုသမှုမပေးခဲ့တဲ့အပြင် ညနေပိုင်းမှသာ ပြန်လည်လွှတ်ပေးခဲ့တယ်လို့ ကန်သုံးဆင့်ဆရာတော်ကြီးက မိန့်ကြားပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်