ပြင်သစ်ကုမ္ပဏီက စစ်ကောင်စီကို သွယ်ဝိုက်ပံ့ပိုးနေတာ ရပ်တန့်ဖို့ တောင်းဆိုတဲ့ ကမ်ပိန်းမှာ လက်မှတ်တွေ လိုအပ်နေသေးတယ်လို့ ဆို

ပြင်သစ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Airbus က စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို သွယ်ဝိုက်ပြီး ပံ့ပိုးပေးနေမှုအပေါ် ရပ်တန့်ဖို့ Justice for Myanmarက ဦးဆောင်ပြီး ပြီးခဲ့တဲ့ ၂၀၂၄ နိုဝင်ဘာလ ၁ ရက်နေ့က ပြည်သူတွေပါ ပါဝင်လက်မှတ်ထိုးတောင်းဆိုဖို့ ပြုလုပ်ခဲ့ရာမှာ လက်မှတ်များစွာ လိုအပ်နေသေးတယ် လို့ မတ်လ ၁၈ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။
Airbus ဟာ ပြင်သစ်နိုင်ငံမှာ အခြေစိုက်တဲ့ ဥရောပရဲ့ အကြီးဆုံး လေကြောင်းကုမ္ပဏီတစ်ခုဖြစ်ပြီး ပြင်သစ်၊ ဂျာမနီနဲ့ စပိန် အစိုးရတွေရဲ့ ရှယ်ယာတွေ အမြောက်အများ ပါဝင်နေတဲ့ ကုမ္ပဏီကြီးတခု ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ဖို့အတွက် အဓိကထောက်ပံ့ပေးနေတဲ့ တရုတ်အစိုးရပိုင် AVIC ကုမ္ပဏီနဲ့လည်း ဒုတိယအကြီးဆုံး ရှယ်ယာပါဝင်တဲ့ ကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး လေယာဉ်နဲ့ လေကြောင်းကာကွယ်ရေးပစ္စည်းတွေ ထုတ်လုပ်နေတယ်လို့ သိရပါတယ်။
မြန်မာပြည်သူတွေကို လေကြောင်းကနေ ဗုံးကြဲတဲ့နေရာမှာ အဓိကအသုံးပြုနေတဲ့ FTC-2000G၊ K-8 နဲ့ Y-12 လေယာဉ်တွေကို Airbus ကုမ္ပဏီ နဲ့ AVIC တို့ ပေါင်းပြီးထုတ်လုပ်နေတာဖြစ်တယ်လို့ ဆိုထားပါတယ်။
ဒါကြောင့် Airbus အနေနဲ့ မြန်မာပြည်သူတွေကို ဗုံးကြဲသတ်ဖြတ်ရာမှာ သွယ်ဝိုက်သောအားဖြင့် ပါဝင်ထောက်ပံ့နေတယ်လို့ဆိုထားပြီး ဒါကိုရပ်တန့်ပေးဖို့အတွက် Justice for Myanmarက တောင်းဆိုထားတာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် ဒုတိယအကြီးဆုံး ရှယ်ယာရှင်ဖြစ်တဲ့ Airbus ကနေ တရုတ်နိုင်ငံရဲ့ လေကြောင်းလုပ်ငန်း ကော်ပိုရေးရှင်း ကုမ္ပဏီကို စစ်ကောင်စီနဲ့ ပူးပေါင်းလုပ်ဆောင်နေတာတွေ ရပ်ဆိုင်းဖို့နဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပယ်ဖျက်ဖို့ကို ဖိအားပေးစေဖို့ တောင်းဆိုရာမှာ မြန်မာပြည်သူတွေကပါ ပူးပေါင်းပါဝင်ပြီး လက်မှတ်ရေးထိုးကြရန် Justice for Myanmar က တိုက်တွန်းထားပါတယ်။
စစ်ကောင်စီအနေနဲ့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်း၊ စျေး၊ လူနေရပ်ကွက်နဲ့ ပြည်သူအများရှိရာနေရာတွေကို ပစ်မှတ်ထား လေကြောင်း တိုက်ခိုက်ခဲ့ရာမှာ ၂၀၂၃ ခုနှစ်ကနေ ၂၀၂၅ ခုနှစ် မတ် (၁၆) ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှု (၂၁၉၀) မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုတွေကြောင့် ကလေးငယ်ပေါင်း (၃၇၂) ဦး သေဆုံးခဲ့ရတယ်လို့ ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်က အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီက ပြီးခဲ့တဲ့ မေလ ၁၆ရက်နေ့ ညနေ ၅နာရီခွဲခန့်မှာ ရှမ်းပြည် နောင်ချိုမြို့မှာရှိတဲ့ စိန်ရတနာ ပရိယတ္တိစာသင်တိုက်နဲ့ စျေးကို ဦးတည်ပြီး စစ်ကောင်စီက ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် သံဃာတော်တွေ အပါအဝင် ပြည်သူ ၉ ဦး သေဆုံးခဲ့ရပါတယ်။
ဓာတ်ပုံ – pro-SAC